Home
မြန်မာသတင်း
စိုက်ဘဏ်ချေးငွေနှင့် ကိုဗစ်ကာလချေးငွေ ပြန်တောင်းသဖြင့် ကျုံပျော်လယ်သမားများ အခက်တွေ့
DVB
·
May 23, 2025

ဧရာဝတီတိုင်း၊ ကျုံပျော်မြို့နယ်ထဲမှာရှိတဲ့ လယ်သမားတွေကို စိုက်ပျိုးရေးဌာနက ထုတ်ပေးထားတဲ့ ချေးငွေနဲ့ ကိုဗစ်ကာလ ထုတ်ပေးထားတဲ့ ချေးငွေတွေ ပြန်လည်ဆပ်ခိုင်းတာကြောင့် အခက်တွေ့နေကြရတယ်လို့ ကျုံပျော်ဒေသခံတွေဆီကနေ သိရပါတယ်။

ဧရာဝတီတိုင်း၊ ကျုံပျော်မြို့က တောင်သူလယ်သမားတွေကို ၂၀၂၀ ပြည့်နှစ်က ကိုဗစ်ကာလချေးငွေ တဧကကို ၅၀,၀၀၀ ကျပ်နဲ့ စိုက်ဘဏ်ချေးငွေ တဧကကို ကျပ် ၁၅၀,၀၀၀ ဆီ စိုက်ဘဏ်က ချေးပေးထားတာလို့ ဆိုပါတယ်။

စိုက်ဘဏ်က တဧကကို ၁၅၀,၀၀၀ ကျပ်နဲ့ တယောက်ကို ၁၀ ဧကအထိ ချေးငွေထုတ်ပေးထားပါတယ်။

၁၀ ဧက မရှိသူကို ရှိတဲ့အရေအတွက်အတိုင်း ချေးငွေပေးပြီး ၁၀ ဧကအထက် ရှိသူတွေကို ၁၀ ဧက အထိသာ ချေးငွေပေးထားတာလို့ သိရပါတယ်။

ချေးငွေပြန်တောင်းလို့ အခက်တွေ့နေတဲ့ လယ်သမားတယောက်က ၂၀၂၅ ခုနှစ်၊ မေ ၁၉ ရက်က ကျုံပျော်မြို့နယ် ဧရာမင်းခန်းမမှာ စိုက်ဘဏ်မန်နေဂျာ ဒေါ်အေးသီတာက လယ်သမားတွေ ချေးငွေပြန်လည်ဆပ်ရမယ့်အကြောင်း၊ အစည်းအဝေးခေါ်လို့ ၃ ကြိမ် မလာရောက်ရင် လယ်သမားတွေကို ထောင်ချမှာဖြစ်ကြောင်း၊ စစ်တပ်ခေါ်ပြီး နေအိမ်အထိ ‌လိုက်လာလို့ အရွယ်ရောက်တဲ့ သားသမီးတွေကို တွေ့ရင် စစ်မှုထမ်းခေါ်ဆောင်မှာဖြစ်ကြောင်း ခြိမ်းခြောက်ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

“ကျနော်တို့ လယ်သမားတွေက ချေးငွေယူစဉ်က သေချာပြန်ဆပ်ဖို့ ဆုံးဖြတ်ယူခဲ့ကြတာဖြစ်ပြီး ဆပ်ခဲ့တဲ့အတွက်လည်း ချေးငွေရရှိခဲ့တာ ဖြစ်ပါတယ်။ ခေတ်ကာလကလည်းမကောင်း ရာသီဥတုကြောင့် စပါးအထွက်တိုးတွေကလည်း ဆုတ်ယုတ်နေပြီး စစ်မှုထမ်းဥပဒေကြောင့်လည်း လယ်စိုက်တောင်သူ လူငယ်တွေကအစ ရှောင်တိမ်းနေကြရတာကြောင့် အခက်အခဲပေါင်းစုံနဲ့ ကြုံတွေ့နေရတဲ့အချိန်မှာ ချေးငွေပြန်လည်တောင်းယူနေတာ။”

အခက်အခဲတွေကို ရှင်းပြ ပြောဆိုပေမဲ့ စိုက်ဘဏ်မန်နေဂျာ ဒေါ်အေးသီတာက လက်မခံဘဲ ထောင်ချပစ်မယ်ဆိုပြီး ခြိမ်းခြောက်နေလို့ အခက်တွေ့နေကြရတယ်လို့လည်း ကျုံပျော်မြို့နယ်ထဲက လယ်သမားတယောက်က ပြောပါတယ်။

မိုးစပါးချေးငွေ ထုတ်ယူဖို့ လျှောက်လွှာဖိုးဆိုပြီး ဒေါ်အေးသီတာက လယ်သမားတယောက်ကို ဖောင်ဖိုး ၂,၀၀၀ ကျပ်ဆီ တောင်းယူခဲ့ပြီး လယ်သမား ၁၀၀,၀၀၀ ကျော်က ဖောင်ဖိုးတွေ ပေးခဲ့ရတယ်လို့လည်း အဆိုပါလယ်သမားက ပြောပါတယ်။

စိုက်ဘဏ်ချေးငွေ
ကျုံပျော်လယ်သမား

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013