Home
မြန်မာသတင်း
လေကြောင်းရန်ကြောင့် ကျောက်တော်မြို့လုံးကျွတ်နီးပါး တိမ်းရှောင်
DVB
·
May 19, 2025

အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ကို စစ်ကောင်စီက နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တဲ့အပြင် မြို့ခံထောင်နဲ့ချီ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

ပြီးခဲ့တဲ့ မေ ၁၄ နဲ့ ၁၅ ရက်နေ့တွေမှာ ကျောက်တော်မြို့၊ ရွာမရပ်ကွက်ကို စစ်ကောင်စီက ဂျက်တိုက်လေယာဉ်နဲ့ နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်လို့ ဒေသခံ ၈ ယောက် သေဆုံးခဲ့ပြီး ၁၄ ယောက်ထက်မနည်း ပြင်းထန်ဒဏ်ရာ ရရှိခဲ့ပါတယ်။

စစ်ကောင်စီ ထပ်မံဗုံးလာကြဲမှာကို စိုးရိမ်တာကြောင့် လက်ရှိမှာ ကျောက်တော်မြို့ခံနဲ့ စစ်ဘေးရှောင် ထောင်နဲ့ချီဟာ မြို့ပေါ်မှာ မနေရဲတော့ဘဲ အိုးအိမ်စွန့်ခွာကာ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင် နေကြရတယ်လို့ ကျောက်တော်မြို့ကနေ ထွက်ပြေးတိမ်းရှောင်လာတဲ့ ဒေသခံတယောက်က ပြောပါတယ်။

“ကျောက်တော်မှာ ဗုံးကြဲတဲ့နောက်ပိုင်း ဆက်တိုက်ဆိုသလို မြို့ကိုစွန့်ခွာကြသူတွေ အများကြီးရှိပါတယ်။ အဓိကကတော့ မြို့ရဲ့ လူနေထိုင်မှု တဝက်ကျော်လောက်က တခြားနေရာတွေကို တိမ်းရှောင်ကြပါတယ်၊ အဓိကက လေကြောင်းရန်ကို တိမ်းရှောင်ကြတာပါ။ အကုန်လုံး တိမ်းရှောင်လို့ အဆင်ပြေမယ့်နေရာ၊ စိတ်ပိုင်းဆိုင်ရာ လုံခြုံတယ်လို့ အဆင်ပြေတဲ့ နေရာကို ရှောင်ကြတာ များပါတယ်။ နီးစပ်တဲ့ ဆွေမျိုးအိမ်ကို သွားကြတယ်၊ နီးစပ်တဲ့ စစ်ဘေးရှောင်စခန်းတို့၊ တခြားဒေသတွေကို အဓိကရှောင်ကြတာ ဖြစ်တယ်။ ဗုံးကြဲပြီး နောက်ပိုင်းကနေ အခုချိန်ထိ ဆက်တိုက်ဆိုသလို နေ့တိုင်းဆိုသလိုမျိုး ကိုယ့်နည်းကိုယ်ဟန်နဲ့ တိမ်းရှောင်နေကြတာပါ။”

စစ်ကောင်စီက လေကြောင်းကနေ ရွာမရပ်ကွက်ကို နှစ်ရက်ဆက်တိုက် ဂျက်တိုက်လေယာဉ် ၃ စီးနဲ့ လေကြောင်းတိုက်ခိုက်မှု ၄ ကြိမ်ထက်မနည်း တိုက်ခိုက်ခဲ့လို့ နေအိမ်အလုံးပေါင်း ၂၇ လုံး ပျက်စီးခဲ့ပါတယ်။

စစ်ကောင်စီက စစ်ရှုံးနေတဲ့အတွက် တိုက်ပွဲဖြစ်ပွားတာမရှိဘဲ အပြစ်မဲ့အရပ်သားတွေ နေထိုင်တဲ့ နေရာတွေကို လေကြောင်းကနေ တိုက်ခိုက်နေတာက ပြည်သူတွေကို အကြောက်တရား လွှမ်းမိုးအောင် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေတာလို့ ရခိုင်က အရပ်ဘက်အဖွဲ့အစည်းတွေက ထောက်ပြ ပြောဆိုကြပါတယ်။

လက်ရှိ ကျောက်တော်မြို့ပေါ်မှာလည်း လေကြောင်းရန်ကို စိုးရိမ်လို့ အိမ်ထဲမှာပဲ နေနေကြပြီး လမ်းသွားလမ်းလာတွေ သိပ်မရှိကြဘူးလို့ ကျောက်တော်ဒေသခံ နောက်တယောက်က ပြောပါတယ်။

ဒါ့အပြင် လေကြောင်းရန်ကို စိုးရိမ်ပြီး ထွက်ပြေးတိမ်းရှောင်တဲ့သူတွေ ရှိပေမဲ့ ငွေကြေးမတတ်နိုင်တာကြောင့် မတိမ်းရှောင်နိုင်သေးတဲ့ ဒေသခံတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။

ကျောက်တော်ဒေသခံက “မပြေးတဲ့သူတွေလည်း ရှိပါတယ်၊ ဘယ်နေရာကို ပြေးမလဲပေါ့ဗျာ။ ကျနော်တို့မှာ ပြေးစရာမြေမှ မရှိတာ၊ စစ်ကောင်စီက ဘယ်နေရာကို ဗုံးကြဲမယ်။ ဘယ်နေရာကိုတော့ ဗုံးမကြဲဘူးဆိုပြီး ပြောထားတာ မဟုတ်ပါဘူး။ ရခိုင် အပါအဝင် နိုင်ငံအနှံ့ ပတ်ပြီးတော့ ဗုံးကြဲနေတာဆိုတော့လေ။ ဒီဘက်မှာက ကုန်ဈေးနှုန်းတွေလည်း အရမ်းကြီးတော့ မသွားနိုင်တဲ့သူတွေ အများကြီးရှိတာပေါ့ဗျာ။ သွားဖို့အတွက် လမ်းစရိတ်မတတ်နိုင်တာတွေ၊ နောက်ပြီးတော့ အဲဒီနေရာကို သွားလို့ရှိရင် စားဝတ်နေရေး အခက်အခဲ ဖြစ်တာတွေ အဲဒီလိုအခြေအနေတွေကြောင့် မသွားနိုင်တဲ့သူတွေလည်း ရှိပါတယ်။”

အစုလိုက်အပြုံလိုက် သတ်ဖြတ်ကာ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်နေတဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်တွေကို ပြင်းထန်စွာရှုတ်ချပြီး အခုလုပ်ရပ်တွေကို မှတ်တမ်းတင်ထားပြီးတော့ သက်ဆိုင်ရာ နိုင်ငံတကာ အဖွဲ့အစည်းတွေဆီ ပေးပို့သွားမယ်လို့လည်း အာရက္ခတပ်တော်က မေ ၁၅ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။

အာရက္ခတပ်တော် သိမ်းပိုက်ရရှိပြီးတဲ့နောက် ကျောက်တော်မြို့ဟာ စီးပွားရေးအရ အချက်အချာကျပြီး ကုန်စည်စီးဆင်းမှု ကောင်းမွန်တဲ့မြို့တမြို့ ဖြစ်လာပြီး အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်တို့ ဘက်က ကုန်စည်တွေကို အဓိက ဖြန့်ဝေရောင်းချနေတဲ့မြို့လည်း ဖြစ်ပါတယ်။

ကေခိုင်

စစ်ဘေးရှောင်
ကျောက်တော်
လေကြောင်းတိုက်ခိုက်မှု

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013