Home
အနုပညာ
ဒါရိုက်တာဏကြီး၏ “What happened to the wolf?” ရုပ်ရှင် နိုင်ငံတကာတွင် ရုံတင်ပြသမည်
DVB
·
May 18, 2025

ဒါရိုက်တာ ဏကြီးရဲ့ ဒုတိယမြောက် ရုပ်ရှင်ဇာတ်ကားဖြစ်တဲ့ “What happened to the wolf?” ကို နိုင်ငံတကာမှာ ပြသနိုင်ဖို့ စီစဉ်နေပြီလို့ ဒါရိုက်တာ ဏကြီးက သူ့ရဲ့ အင်တာနက် လူမှုကွန်ရက်စာမျက်နှာက တဆင့် ကြေညာလိုက်ပါတယ်။

၂၀၂၀ မှာ ရိုက်ကူးပြီးစီးခဲ့တဲ့ ဒီရုပ်ရှင်ကားဟာ ဒါရိုက်တာ ဏကြီးရဲ့ ‘မီ’ ရုပ်ရှင်ပြီးတဲ့နောက် ဒုတိယမြောက် လက်ရာလည်း ဖြစ်ပါတယ်။

ဒီရုပ်ရှင်ကားမှာတော့ ပိုင်ဖြိုးသုနဲ့ အိန္ဒြာကျော်ဇင်တို့က အဓိက ပါဝင် သရုပ်ဆောင်ထားတာ ဖြစ်ပြီး ဂျာမနီနိုင်ငံ Internationales Filmfest Oldenburg (2021) မှာ ပွဲဦးထွက်ပြသခဲ့ပြီး Seymour Cassel Award (အကောင်းဆုံး သရုပ်ဆောင်ဆု ရရှိခဲ့ပါတယ်။ ဒါ့အပြင် Dili International Film Festival 2021 မှာ Best Narrative Feature (အကောင်းဆုံး ဇာတ်လမ်းဆု) နဲ့ Hobnobben Film Festival 2022 မှာ Best Film Award (အကောင်းဆုံး ရုပ်ရှင်ဆု) တွေကို ရရှိထားတာလည်း ဖြစ်ပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် စစ်အာဏာရှင်တွေဟာ တော်လှန်ရေးမှာ ပါဝင်နေတဲ့ အနုပညာရှင်တွေရဲ့ လက်ရာတွေကို ပြည်တွင်းမှာ ပြသခွင့်၊ ဖြန့်ချိခွင့်တွေ ပိတ်ပင်ထားတဲ့အတွက် အနုပညာ ဆက်လုပ်ဖို့ အခက်အခဲတွေ ရှိနေပေမယ့် မလုပ်စေချင်လို့ တားတာကို ရအောင်လုပ်တာကလည်း တော်လှန်တာပဲ ဖြစ်တယ်လို့ ဒါရိုက်တာ ဏကြီးက ဆိုပါတယ်။

ဒါ့ကြောင့် “What happened to the wolf?” ရုပ်ရှင်က အနုပညာခြေလှမ်း ရှေ့ဆက်နိုင်ဖို့ အင်အားတခုအဖြစ် ရည်ရွယ်တယ်လို့လည်း ဆိုပြီး ဒီရုပ်ရှင်ဟာ တော်လှန်ရေး ရန်ပုံငွေအတွက် မဟုတ်ဘဲ ကိုယ်ပိုင်လုပ်ငန်းတခုအဖြစ် အနုပညာ ဆက်လက် ရှင်သန်ရေးအတွက် စီစဉ်လုပ်ဆောင်သွားမယ်လို့လည်း ဒါရိုက်တာ ဏကြီးက အသိပေးလိုက်ပါတယ်။

“What happened to the wolf?” ရုပ်ရှင်ကို နိုင်ငံတကာမှာ ပြသသွားမယ့် အစီအစဉ်တွေကိုလည်း ရုပ်ရှင်ရဲ့ official page ကနေ ကြေညာသွားမှာလည်း ဖြစ်ပါတယ်။

မြတ်သဇင်

ပိုင်ဖြိုးသု
အိန္ဒြာကျော်ဇင်
what happened to the wolf?
ဒါရိုက်တာဏကြီး

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013