Home
ရုပ်သံ
ဒီပဲယင်း စာသင်ကျောင်း ဗုံးကြဲခံရမှုကြောင့် သေဆုံးသူ ၂၃ ဦးရှိလာ၊ ရုပ်အလောင်းများကို သင်္ဂြိုဟ်
DVB
·
May 14, 2025

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့ရဲ့ အနောက်တောင်ဘက် ၇ မိုင်နီးပါးကွာဝေးတဲ့ အိုးတိန်တွင်း (မြောက်) ကျေးရွာမှာရှိတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ကြားကာလ ပညာရေးကျောင်းကို စစ်ကောင်စီတပ်က မေ ၁၂ ရက် မနက် ၉ နာရီခွဲဝန်းကျင်မှာ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ သေဆုံးခဲ့သူတွေရဲ့ ရုပ်အလောင်းတွေကို မေ ၁၃ ရက်မှာ သင်္ဂြိုဟ်လိုက်တယ်လို့ ကူညီဆောင်ရွက်ပေးနေသူတွေဆီက သိရပါတယ်။

ကူညီဆောင်ရွက်ပေးနေသူတယောက်က “သေဆုံးသွားတဲ့ ကျောင်းသား၊ ကျောင်းသူ ၂၀ နဲ့ ဆရာမ ၂ ယောက်တို့ရဲ့ ရုပ်အလောင်းတွေကို သင်္ဂြိုဟ်ပြီးစီးခဲ့ပါပြီ။ ဒဏ်ရာပြင်းထန်ပြီး အသက်အန္တရာယ် စိုးရိမ်ရတဲ့သူတွေကို မန္တလေးနဲ့ ဘုတလင်မြို့နယ်တွေထဲက ဆေးရုံတွေမှာ ရွှေ့ပြောင်းကုသပေးနေပါတယ်။ အဲဒီ ဒဏ်ရာရတဲ့သူတွေထဲက ကျောင်းသားလေးတယောက် ထပ်ပြီး သေဆုံးသွားပါတယ်။ အသက်အန္တရာယ် စိုးရိမ်ရသူတွေလည်း ရှိပါသေးတယ်။ ဆေးဝါးနဲ့ နေရာထိုင်ခင်း အခက်အခဲတွေ အများကြီးရှိတဲ့ကြားက ကြိုးစားကုသပေးနေပါတယ်” လို့ ပြောပါတယ်။

ဗုံးကြဲတိုက်ခိုက်ခံရမှုအတွင်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြသူ ၁၀၂ ယောက်ရှိပြီး အဲဒီအထဲက G7 ကျောင်းသားတယောက်ဖြစ်တဲ့ အသက် ၁၃ နှစ်အရွယ် မောင်စွမ်းကိုကိုဟာ မေ ၁၃ ရက် ညနေပိုင်းမှာ ထပ်မံသေဆုံးသွားတဲ့အတွက် သေဆုံးသူအရေအတွက်ဟာ ၂၃ ယောက်အထိ ရှိလာပြီဖြစ်တယ်လို့လည်း ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က မေ ၁၃ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။

စစ်ကိုင်းတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ တာဝန်ရှိသူကလည်း “အခုလို အပြစ်မဲ့တဲ့ ပြည်သူတွေ၊ ကျောင်းသား၊ ကျောင်းသူတွေအပေါ် ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်ပြီးတော့ ပြည်သူကို သတ်ဖြတ်နေတဲ့ စစ်ကောင်စီတပ်ကို နိုင်ငံတကာအဖွဲ့အစည်းတွေ အနေနဲ့ ထိရောက်တဲ့ အရေးယူ ဆောင်ရွက်မှုတွေ အမြန်ဆုံးလုပ်ဆောင်ပေးဖို့ တောင်းဆိုတယ်။ နောက်ပြီးတော့လည်း အရပ်သားပြည်သူတွေနဲ့ ကျောင်းသားကျောင်းသူတွေကို ပစ်မှတ်ထား သတ်ဖြတ်နေတဲ့ အာဏာသိမ်းစစ်တပ်ကို လက်စားချေတဲ့အနေနဲ့ တိုက်ခိုက်ချေမှုန်းရေး လုပ်ငန်းစဥ်တွေကို အရှိန်မြှင့်တင် လုပ်ဆောင်သွားမှာဖြစ်တယ်” လို့ ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကလည်း အပြစ်မဲ့ကလေးသူငယ်၊ ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ ဆရာမတွေကို လေကြောင်းကနေ တိုက်ခိုက်သတ်ဖြတ်နေတဲ့ စစ်ကောင်စီတပ်ကို ကမ္ဘာကြေသော်လည်း ဥဒါန်းကြေမည်မဟုတ်ဘဲ ပြင်းထန်စွာ အပြစ်ပေး အရေးယူနိုင်ရေး စုံစမ်းရှာဖွေ ဖော်ထုတ်သွားမှာ ဖြစ်တယ်လို့ မေ ၁၂ ရက် ညပိုင်းမှာ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီပြန်ကြားရေး ဘက်ကတော့ ဒီတိုက်ခိုက်မှုသတင်းတွေဟာ မဟုတ်မှန်ကြောင်း ငြင်းဆိုထားပါတယ်။

ဗုံးကြဲ
စာသင်ကျောင်း
လေကြောင်းတိုက်ခိုက်
ကလေးသူငယ်
ဒီပဲယင်း
အရပ်သားသေဆုံး
အိုးတိန်တွင်းကျေးရွာ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013