Home
အထွေထွေ
ငလျင်သင့် အဆောက်အအုံအပျက်အစီးများ အမြင်တင့်စေရန် မန္တလေးစည်ပင် သွပ်ပြားကာခိုင်း
DVB
·
May 11, 2025

ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့တဲ့ အဆောက်အအုံတွေနဲ့ ဖြိုဖျက်အဆောက်အအုံတွေကို အပျက်အစီးတွေရှင်းလင်းပြီးနောက် အမြင်တင့်တယ်စေဖို့အတွက် သွပ်ပြားတွေနဲ့ကာထားဖို့ မန္တလေးစည်ပင်က ခိုင်းနေပါတယ်။

မြို့နယ် EO ရုံးအဖွဲ့၊ အအောက်အအုံနဲ့ ကုန်ရုံဌာနတို့ ပူးပေါင်းပြီး နို့တစ်စာပေးဝေခဲ့တယ်လို့ မန္တလေးစည်ပင်က ဒီနေ့ ထုတ်ပြန်တာပါ။

မန္တလေးဒေသခံတယောက်က “သွပ်ပြားကာရမယ်လို့တော့ ကြားနေတယ်။ ကျနော်တို့ဘက်ကိုတော့ နို့တစ်စာမရောက်သေးဘူး။ သွပ်ပြားဈေးကလည်းမလွယ်ဘူး။ တချို့နေရာတွေမှာတော့ ကာထားတဲ့သွပ်ပြားတွေ ဖြုတ်ခိုးခံရတယ်လို့လည်းကြားတယ်” လို့ ပြောပါတယ်။

မန္တလေး စည်ပင်နယ်နမိတ် ၆ မြို့နယ်အတွင်းက ဆောက်လုပ်ဆဲ အဆောက်အအုံတွေ ဆောက်လုပ်နေတာ ခဏရပ်ထားဖို့၊ ပင်မတိုင်တွေ ပျက်စီးတာ ရှိ၊ မရှိကို စစ်ကောင်စီရဲ့ မန္တလေးတိုင်းအစိုးရကဖွဲ့ပေးထားတဲ့ စစ်ဆေးရေးအဖွဲ့က စစ်ဆေးပြီး တင်ပြချက်အပေါ် စိစစ်ပြီးမှ ဆက်လက်တည်ဆောက်ခွင့်ပြုမယ်လို့လည်း ကြေညာထားပါတယ်။

မန္တလေး ၆ မြို့နယ်အတွင်း အဆောက်အအုံ ၄၀၀၀ နီးပါး ပျက်စီးခဲ့တယ်လို့ သိရပြီး ငလျင်ဒဏ်သင့် လိမ္မော်ရောင်အဆင့်၊ အနီရောင်အဆင့် သတ်မှတ်ခံရတဲ့ အဆောက်အအုံပိုင်ရှင်တွေအနေနဲ့ မိမိတို့အဆောက်အအုံကို ပြန်လည်ပြင်ဆင်ချင်တာတွေနဲ့ ပတ်သက်ပြီး PE၊ RSE လိုင်စင်ရ အင်ဂျင်နီယာတွေရဲ့ ထောက်ခံချက်ပါတဲ့ ပြင်ဆင်ရမယ့် Method Statement နဲ့အတူ အဆောက်အအုံနဲ့ ကုန်ရုံဌာနဆီကို ပြန်လည်လျှောက်ထားရမှာဖြစ်ပြီး မလိုက်နာရင် အရေးယူမယ်လို့လည်း ကြေညာထားပါတယ်။

မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ အားပြင်းငလျင်ကြောင့် နေပြည်တော်အပါအဝင် တိုင်းနဲ့ ပြည်နယ် ၁၀ ခုမှာ လူနေအိမ် ၆၃,၀၀၀ ကျော်၊ စာသင်ကျောင်းပေါင်း ၆,၇၀၀ ကျော် ထိခိုက်ပျက်စီးမှုရှိတယ်လို့ စစ်ကောင်စီက ကြေညာထားပါတယ်။

အပျက်အစီး
မန္တလေးစည်ပင်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013