
ဗန်းမော်မြို့ ညောင်ပင်သာရပ်ကွက် တောင်လေးလုံးရိပ်သာမှာ စစ်ရှောင်နေတဲ့ ပြည်သူတွေဟာ တိုက်ပွဲဖြစ်ပွားနေတဲ့ မြို့တွင်းကနေ မေ ၈ ရက် မနက်က ထွက်ပြေးတိမ်းရှောင်စဉ်မှာ စစ်ကောင်စီက ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲခဲ့တာကြောင့် ပြည်သူ ၁၅ ဦး အသက်ဆုံးရှုံးပြီး ၃၀ လောက် ဒဏ်ရာရရှိခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တယောက်က ပြောပါတယ်။
“မြစ်ဘေးမှာဟုတ်တယ်၊ တောင်လေးလုံးက ပြည်သူတွေ တိမ်းရှောင်လာတဲ့အချိန် ဂျက်လေယာဉ်နဲ့ လာပစ်သွားတယ်။ ၂ ခေါက်ပစ်တယ်၊ ၄ လုံးကျတယ်။ တခါပစ်ရင် ၂ လုံး၊ ပြီးတော့ စက်သေနတ်နဲ့ကော ပစ်သွားတယ်။ အဲဒါကြောင့် ပြည်သူ ၁၅ ဦး အသက်ဆုံးရှုံးပြီးတော့ အဲမှာကျန်ခဲ့ပြီး၊ ၃၀ ဝန်းကျင်တော့ ထိခိုက်ဒဏ်ရာရတယ်။”
ထွက်ပြေးလွတ်မြောက်လာတဲ့ တောင်လေးလုံး ကမ်းနားရိပ်သားက ပြည်သူတွေနဲ့ မြို့တွင်းက ဗန်းမော်စစ်ရှောင်ပြည်သူ ၃၈၇ ယောက်ကတော့ လုံခြုံတဲ့နေရာကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။
တိမ်းရှောင်လာတဲ့ ပြည်သူတွေကို စစ်ကောင်စီက ဒရုန်းကနေ ကင်းထောက်ကာ ရည်ရွယ်ချက်ရှိရှိနဲ့ လေကြောင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ဗန်းမော်မြို့ပေါ် ရပ်ကွက်တချို့မှာတော့ နေအိမ်စောင့်ဖို့ ပြည်သူတချို့ပဲ ကျန်ရှိနေတယ်လို့ သိရပါတယ်။
ဗန်းမော်မြို့ ပတ်ဝန်းကျင်မှာ နှစ်ဖက်တိုက်ပွဲတွေ နေ့စဉ်ဖြစ်ပွားနေပြီးတော့ စစ်ကောင်စီဘက်က လေကြောင်းအပါအဝင် ဒရုန်းကနေ ဗုံးကြဲချတာတွေ ပြုလုပ်ပြီး ဗန်းမော် မကျရေးအတွက် အပြင်းအထန် ဟန့်တားနေတဲ့အပြင် နေ့စဉ် လေကြောင်းကနေ လက်နက်ခဲယမ်းတွေ ချပေးနေတာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။