
မတ်လ ၂၈ ရက်လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် မန္တလေးအိုးဘိုအကျဉ်းထောင်တွင်း အဆောက်အအုံတွေ ပြိုကျခဲ့ပြီး ကိုယ်ဝန်ဆောင်တွေအပါအဝင် နိုင်ငံရေးအကျဉ်းသူ အကျဉ်းသား ၄၁ ယောက် သေဆုံးခဲ့ရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများများကွန်ရက် (PPNM) က ဒီနေ့ ထုတ်ပြန်ပါတယ်။
အိုးဘိုထောင်တွင်း အကျဉ်းသူ/အကျဉ်းသား ၆၄ ယောက်ထက်မနည်းသေဆုံးခဲ့ပြီး နိုင်ငံရေးအကျဉ်းသား ၄၁ ယောက်လည်း ပါဝင်ကြောင်း PPNM က ဖော်ပြထားပါတယ်။
သေဆုံးသူတွေထဲ နိုင်ငံရေးအကျဉ်းသူ ကိုယ်ဝန်ဆောင်အမျိုးသမီး ၂ ယောက် ပါဝင်တယ်လို့ အမျိုးသမီးအကျဉ်းသူများအဖွဲ့မှ မဇူးဇူးမေက ပြောပါတယ်။
“အဓိက ကတော့ အိုးဘိုအကျဉ်းထောင်မှာ ကိုယ်ဝန်ဆောင်နိုင်ကျဉ်း အမျိုးသမီးအပါအဝင် အမျိုးသမီး နိုင်ကျဉ်းတွေက ၄၀၀ ကျော်လောက် ရှိတယ်။ အဲဒီငလျင်လှုပ်ခတ်ပြီးတဲ့ နောက်ပိုင်းမှာ အိုးဘိုအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသူများအပါအဝင် ကိုယ်ဝန်ဆောင်အမျိုးသမီး ၂ ဦးလည်း သေဆုံးတယ်လို့ ကျမတို့ ကြားသိရတယ်။”
ငလျင်ကြောင့် အမျိုးသားအိပ်ဆောင်နဲ့ အလုပ်ရုံ၊ အမျိုးသမီးအိပ်ဆောင်နဲ့ ဆေးရုံဆောင် တချို့ ထိခိုက်ပျက်ဆီးခဲ့ကြောင်း သိရပါတယ်။
ငလျင်ကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ နိုင်ငံရေးအကျဉ်းသား/အကျဉ်းသူ ၁၄၀ ကျော်အထိရှိခဲ့ပြီး ကိုယ်လက်အင်္ဂါဆုံးရှုံးရသူက အနည်းဆုံး ၄ ယောက်ရှိကြောင်း PPNM က အတည်ပြုထုတ်ပြန်ထားပါတယ်။
ငလျင်မှာ သေဆုံးခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသူ မနွယ်နီဝင်းက ထောင်ကျစဉ်မှာ ကိုယ်ဝန် ၃ လရှိနေပြီး ငလျင်ကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့ရာ အရေးပေါ်ဆေးကုသခွင့်မရရှိဘဲ ငလျင်အပြီး ၁၇ ရက်မြောက်တဲ့ ဧပြီ ၁၄ ရက်မှာမှ ထောင်ပြင်ပဆေးရုံကို ပြသခွင့်ရရှိခဲ့တာဖြစ်ပါတယ်။ ဝမ်းဗိုက်ထဲက ကလေးက သေဆုံးတဲ့ ဒဏ်ရာကြောင့် ကိုယ်ဝန်ဆောင်မိခင်မနွယ်နီဝင်းကလည်း သေဆုံးခဲ့ရတာဖြစ်ကြောင်း သိရပါတယ်။
“နိုင်ငံရေးအကျဉ်းသူ အကျဉ်းသားတွေ အထဲထဲမှာ အသက်တွေ စတေးခံနေရတာ ဒါသည် စစ်ကောင်စီရဲ့ အကျဉ်းဦးစီးက သတင်းအမှောင်ချမှုတွေ၊ မိသားစု နဲ့ ပေးမတွေ့တာတွေ၊ လုံလောက်တဲ့ ဆေးဝါးကုသခွင့်တွေ မရရှိတာတွေကြောင့် မသေသင့်ဘဲပြည်သူတွေ အကျဉ်းထောင်ထဲ သေဆုံးနေရတာ ဖြစ်ပါတယ်။ ထောင်ထဲမှာ အပ်တိုတချောင်းတောင် ကိုင်ခွင့်မရှိတဲ့ နိုင်ငံရေးအကျဉ်းသူ အကျဉ်းသားတွေအပေါ် လူ့အခွင့်အရေး ပေါ်ပေါ်ထင်ထင် ချိုးဖောက်နေတာဖြစ်တယ်။ ဒါသည် ပြည်သူတွေအပေါ် ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်နေတာ ဖြစ်ပါတယ်" လို့ မဇူးဇူးမေက ဆက်ပြောပါတယ်။
တနိုင်ငံလုံးက အကျဉ်းထောင် ၄၀ ကျော်မှာ နိုင်ငံရေးအကျဉ်းသူ/အကျဉ်းသား ၂ သောင်း ကျော်ရှိနေပြီး နိုင်ငံရေးအကျဉ်းသူက ၅ ထောင်ကျော်ပါဝင်ပြီး အဲဒီထဲမှာ မိခင်ကိုယ်ဝန်ဆောင် နိုင်ကျဉ်း ၁၂၅ ယောက်ရှိကြောင်း အမျိုးသမီးအကျဉ်းသူများအဖွဲ့ရဲ့ စာရင်းတွေအရ သိရပါတယ်။