
ညီနောင်မဟာမိတ် ၃ ဖွဲ့က တဖက်သတ် အပစ်ရပ်စဲထားပေမဲ့ စစ်ကောင်စီတပ်ဘက်ကနေ TLNA ထိန်းချုပ် နောင်ချိုမြို့ကို ထိုးစစ်ဆင်လာတဲ့အတွက် နှစ်ဖက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေတယ်လို့ PSLF/TNLA သတင်းနဲ့ပြန်ကြားရေးဌာနက မေ ၈ ရက်မှာ ထုတ်ပြန်ပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်ရဲ့ ၁၃ တပ်စခန်းကိုလည်း Y-8 လေယာဉ်နဲ့ လက်နက်ခဲယမ်း ၈၅ ထုတ် လာရောက်ပစ်ချပေးခဲ့တယ်လို့ ဆိုပါတယ်။
ညီနောင်မဟာမိတ် ၃ ဖွဲ့ (AA၊ MNDAA၊ TNLA) က ငလျင်ဒဏ်သင့်ပြည်သူတွေနဲ့ လူသားချင်းစာနာထောက်ထားရေးလုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့အတွက် တိုက်ပွဲဖြစ်ပွားနေတဲ့ နေရာတွေကို ထိုးစစ်မလုပ်ဘဲ တဖက်သတ် အပစ်ရပ်ကာလအား နောက်ထပ် ၁ လ သက်တမ်းထပ်တိုးကြောင်း မေ ၁ ရက်နေ့မှာ ထုတ်ပြန်ကြေညာခဲ့ပြီး စစ်ကောင်စီကတော့ မေ ၃၁ ရက်နေ့ထိ အပစ်ခတ်ရပ်စဲရေးကာလ ထပ်မံတိုးမြှင့်ထားကြောင်း မေ ၆ ရက်တုန်းက ကြေညာခဲ့တာပါ။
မေ ၅ ရက်နဲ့ ၆ ရက်နေ့တွေကလည်း စစ်ကောင်စီက တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တပ်စခန်းကို ထိုးစစ်ဆင်လာတာကြောင့် နောင်ချိုမြို့နယ်၊ သရက်ချိုကျေးရွာမှာလည်း နှစ်ဖက်အပြန်လှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပါသေးတယ်။
ဒီအတွက်ကြောင့် ပြည်သူတွေအနေနဲ့ စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်မှုတွေက ရှောင်ရှားနိုင်ဖို့ စစ်ရေးသတိအမြဲရှိဖို့နဲ့ လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနည်းလမ်းတွေ လိုက်နာဆောင်ရွက်ကြဖို့ PSLF/TNLA က တိုက်တွန်းသတိပေးထားပါတယ်။