Home
မြန်မာသတင်း
စစ်တပ်လက်နက်ကြီးကြောင့် ဝေါမြို့နယ်က နေအိမ်များ မီးလောင်၊ မီးငြှိမ်းခွင့်မရ
DVB
·
May 9, 2025

ပဲခူးတိုင်း ဝေါမြို့နယ် သူရဲသမိန်ရွာကို လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး နေအိမ်တွေ မီးလောင်တာကြောင့် ဒေသခံတွေ ဝင်ရောက်မီးငြှိမ်းသတ်ဖို့ပြင်ပေမဲ့ စစ်ကောင်စီတပ်တွေက ဝင်ခွင့်မပေးဘူးလို့ ဒေသခံတွဆီက သိရပါတယ်။

တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ပဲခူးတိုင်း ရွှေကျင်မြို့နယ်ဘက်ခြမ်းကို ဒီနေ့ မေ ၈ ရက် နေ့လယ်ပိုင်းမှာ ဝေါမြို့နယ် ဆင်ရွာဘက်ကနေ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လိုက်ပေမဲ့ သူတို့တပ်စွဲနေတဲ့ သူရဲသမိန်ရွာထဲကို ကျရောက်ပေါက်ကွဲသွားတာလို့ ဆိုပါတယ်။

သူရဲသမိန်ရွာသားတယောက်က “စစ်တပ်ဘက်က ပစ်တဲ့လက်နက်ကြီးကျပြီးတော့ နေအိမ်တွေ မီးလောင်သွားတာ။ မီးလောင်တော့ ရွာသားတွေက မီးသွားငြိမ်းတာကို စစ်တပ်ဘက်က ခွင့်မပြုဘူး” လို့ DVB ကို ပြောပါတယ်။

လက်နက်ကြီး ကျရောက်ပေါက်ကွဲတဲ့ သူရဲသမိန်ရွာနဲ့ ဒီနေ့မနက်ပိုင်းကစလို့ တိုက်ပွဲပြင်းထန်နေတဲ့ ရွှေကျင်မြို့ နယ်ဘက်ခြမ်းက ရွာတွေဟာ စစ်တောင်းမြစ်ပဲခြားတာဖြစ်ပြီး စစ်ကောင်စီလေတပ်က ဆက်တိုက်ဆိုသလို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ သိရပါတယ်။

ရွှေကျင်မြို့နယ်ထဲက ကွင်းဆိပ်ရွာအနီးမှာရှိတဲ့ စစ်ကောင်စီရဲ့ အမှတ် ၅၉၈ ခြေမြန်တပ်ရင်းကို တော်လှန်ရေးတပ်တွေက ဒီနေ့မနက်ကစလို့ ဝင်တိုက်ခိုက်နေချိန် စစ်ကောင်စီတပ်ဘက်ကလည်း လက်နက်ကြီး၊ လေကြောင်းတွေနဲ့ ဆက်တိုက်ပစ်ခတ်နေတာလို့ ဆိုပါတယ်။

တော်လှန်ရေးအင်အားစု သတင်းအရင်းအမြစ်က “တိုက်ပွဲက ဒီနေ့စပြီးပြင်းထန်နေတယ်။ စစ်ကောင်စီတပ်က လေယာဉ်နဲ့ မနက် ၆ နာရီကတည်းကကြဲနေတာ။ အခုထိ (ညနေ ၅ နာရီ) ကြဲနေတုန်း” လို့ DVB ကို ပြောပါတယ်။

အဲဒီသူရဲသမိန်ရွာမှာ စစ်ကောင်စီတွေဟာ ပြီးခဲ့တဲ့ ဧပြီလကုန်ပိုင်းကတည်းက အင်အား ၂၀၀ ဝန်းကျင်နဲ့ တပ်စွဲ ထားတာဖြစ်ပြီး တိုက်ပွဲဖြစ်ရာ ရွှေကျင်မြို့နယ်ဘက်ခြမ်းကို စစ်ကူပို့ပေးနေတာလို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲဟာ ရွှေကျင်မြို့နယ်ထဲက ကွင်းဆိပ်၊ ညောင်ခြေထောက်ရွာတွေဘက်မှာ ဖြစ်နေတာလို့ သိရပါတယ်။ အဲဒီရွာတွေအနီးမှာတော့ စစ်ကောင်စီရဲ့ အမှတ် ၅၉၈ နဲ့ အမှတ် ၅၈၉ ခြေမြန်တပ်ရင်းတွေ ရှိနေတယ်လို့ တော်လှန်ရေးတပ်တွေက ဆိုပါတယ်။ 

ပြီးခဲ့တဲ့ ဧပြီလကလည်း အဲဒီရွာတွေမှာ တိုက်ပွဲဖြစ်ပွားလို့ စစ်ကောင်စီရဲ့ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် သိမ်ဇရပ်အမြောက်တပ်ကနေ လက်နက်ကြီး၊ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

မေ ၃ ရက်ကလည်း ရွှေကျင်မြို့နယ် ကွင်းဆိပ်ရွာအနီးမှာရှိတဲ့ ကျိုက်ကုလား၊ ကွင်းဆိပ်၊ မုဆိုးမ၊ မင်းသိဒ္ဒိ၊ သမန်းဇရပ် စတဲ့ရွာတွေကို စစ်ကောင်စီလေတပ်က Y-12 လေယာဥ်နဲ့ ဗုံး ၃၃ လုံး ကြဲချတိုက်ခိုက်လို့ နေအိမ်တွေ မီးလောင်ပျက်စီးခဲ့ပါသေးတယ်။

အဲဒီတိုက်ပွဲတုန်းက ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တွေဟာ လက်နက်ကြီး၊ ဒရုန်းတွေနဲ့ အပြန်အလှန်တိုက်ခိုက်တာတွေလုပ်ခဲ့ကြပြီး စစ်ကောင်စီတပ်သားတွေ လက်နက်တွေဝှက်ပြီးတော့ ထွက်ပြေးသွားတာတွေလည်း ရှိတယ်လို့ တော်လှန်ရေးအင်အားစုဘက်က ဆိုပါတယ်။

တိုက်ပွဲတွေကြောင့် ရွှေကျင်မြို့နယ်ထဲက ကွင်းဆိပ်၊ ဒုံဇရစ်၊ ညောင်ခြေထောက်၊ ရှမ်းစုနဲ့ ဇလုတ်ကြီးရွာတွေနဲ့ ဝေါမြို့နယ်ဘက်ခြမ်းက သူရဲသမိန်၊ စက်စု၊ ဂျိုးလေး၊ ဆင်ရွာ၊ လက်ပန်၊ ဝိုင်းပတ်စတဲ့ ကျေးရွာတွေက ဒေသခံတွေ ထွက်ပြေးနေကြရတယ်လို့ သိရပါတယ်။

တိုက်ပွဲတွေစဖြစ်လာတဲ့ ဧပြီ ၂၃ ရက်မှာ ကွင်းဆိပ်ရွာထိပ်မှာရှိတဲ့ စစ်ကောင်စီရဲ့ ရဲကင်းစခန်းကို တော်လှန်ရေး ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းလိုက်တာဖြစ်ပါတယ်။

မီးလောင်
လက်နက်ကြီး
စစ်တပ်
ဝေါမြို့နယ်
နေအိမ်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013