
စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကောလင်းမြို့နယ်ကို စစ်ကောင်စီလေတပ်က တလအတွင်း လေကြောင်းတိုက်ခိုက်မှု ၉ ကြိမ် ပြုလုပ်ခဲ့တယ်လို့ ကောလင်း PDF တပ်ရင်းကနေ သိရပါတယ်။
မေ ၇ ရက် မနက် ၁ နာရီဝန်းကျင်မှာ ကောလင်းမြို့နယ် ရှောက်ပင်ခြုံကျေးရွာကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ ကောလင်း PDF တပ်ရင်း ၁ တာဝန်ရှိရဲဘော်တယောက်ကပြောပါတယ်။
“မနက် ၁ နာရီမှာ ကောလင်းမြို့နယ် ရှောက်ပင်ခြုံကျေးရွာကို ကြဲသွားတာဗျ။ စကစ ကြဲသွားတာက ပြည်သူနေအိမ်ပေါ်ကို ကျတယ်။ ဗုံးသီး ၂ လုံးချပြီး တိုက်ခိုက်မှု ပြုလုပ်သွားတယ်။ အရပ်သားပြည်သူ ထိခိုက်သေဆုံးမှုတော့ မရှိဘူး။ ဒီတလအတောအတွင်းဆိုရင် အကြမ်းဖက်စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုက ၉ ကြိမ်အတွင်းရှိတယ်။”
မေ ၇ ရက်က လေကြောင်းတိုက်ခိုက်မှု အတွင်းမှာတော့ ပြည်သူလူထု ထိခိုက်သေဆုံးမှု မရှိပေမဲ့ နေအိမ်တွေတော့ ထိခိုက်ပျက်စီးမှု ရှိခဲ့တယ်လို့ သိရပါတယ်။
ကောလင်းမြို့နယ်က ကျေးရွာတွေကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ရာမှာ ရွာအလယ်ကို ဦးတည်တိုက်ခိုက်တာတွေကြောင့် ပြည်သူတွေရဲ့နေအိမ် အများအပြားလည်း ထိခိုက်ပျက်စီးမှုတွေ ရှိတယ်လို့ သိရပါတယ်။
ကောလင်းမြို့နယ်ထဲမှာ ဧပြီ ၁၀ ရက်နဲ့ ၁၁ ရက်နေ့က ရွှေဘို-မြစ်ကြီးနားလမ်းဘေးက သဲချောင်းရွာ၊ လျှော်ဖြူကုန်းရွာနဲ့ အင်ပင်လှရွာ စာသင်ကျောင်းကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အသက် ၁၃ နှစ်အရွယ် ကလေးငယ်တယောက်နဲ့ အမျိုးသမီး ၂ ယောက် သေဆုံးခဲ့ပြီး ၆ ယောက် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့တယ်လို့ သိရပါတယ်။
ဧပြီ ၁၄ ရက်မှာလည်း ညောင်ကုန်းကျေးရွာကို လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ၅ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၂ ယောက်က ဒဏ်ရာပြင်းထန်တယ်လို့ သိရပါတယ်။
ဧပြီ ၂၀ ရက်မှာ ကိုးတောင်ဘို့ကျေးရွာကို လေကြောင်းနဲ့၊ မေ ၃ ရက်မှာလည်း ချောင်းနားဆေးရုံနဲ့ ဥက္ကံစာသင်ကျောင်းတွေကို လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ် ပြုလုပ်ခဲ့တာကြောင့် ပြည်သူ ၂ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
ကောလင်းမြို့နယ်မှာ အခုလအတွင်း တိုက်ပွဲဖြစ်တာမရှိသလို စစ်ကောင်စီဘက်က မြေပြင်ထိုးစစ်တွေလည်း မရှိဘူးလို့ ကောလင်း PDF တပ်ရင်း ၁ တာဝန်ရှိရဲဘော်တယောက်က ပြောပါတယ်။