Home
ဆောင်းပါး
စက်ရုံလုပ်သား၊ စစ်မှုထမ်းတပ်သား၊ အခုတော့ PDF ရဲဘော်
DVB
·
May 9, 2025

နိုင်ငံရေးဆိုတာကြီးက ကိုယ့်အိမ်ပေါက်ဝကို တံခါးလာခေါက်ရုံတင်မက ကိုယ့်ဘဝတခုလုံးကိုပါ သေမင်းထံ အပ်နှံနိုင်စွမ်းရှိကြောင်း ပေါ်တာဆွဲခံရပြီးချိန်ကျမှ သိရှိတော့တယ်လို့ အသက် ၂၃ နှစ်အရွယ်ရှိ ကိုချစ်ရင်ထူးက ပြောပါတယ်။

ချက်မြှုပ်ရာအရပ်က ဧရာဝတီတိုင်း၊ ဒေးဒရဲမြို့နယ်။ ၇ နှစ်သားအရွယ်မှာ မိဘမဲ့လေတော့ အစ်ကိုဖြစ်သူရဲ့လက်ကို ကျစ်ကျစ်ပါဆုပ်ကာ ရန်ကုန်မှာ မျက်စိသူငယ် နားသူငယ်။ အားငယ်စိတ်တွေနဲ့ မျက်ရည်တွေ မကြာခဏကျခဲ့ဖူးပေမဲ့ ၈ တန်းအောင်တဲ့အထိ ပညာရေး မဆိုးခဲ့ဘူးလို့ ကိုချစ်ရင်ထူးက ဆိုတယ်။

၈ တန်းအောင်ပေမဲ့ အစ်ကိုလုပ်စာတခုတည်းမို့ ကျောင်းထွက်ကာ ဆောက်လုပ်ရေးလုပ်သားဘဝ၊ ကြမ်းကြမ်းတမ်းတမ်း ပန်းရန်လူကြမ်းအဖြစ်နဲ့ ၂ နှစ်ကျော်ကြာ အသားမာတက်ခဲ့။ အဲဒီနောက်တော့ သူ့ဘဝတဆစ်ချိုး ထီးရိုးက ရုတ်ချည်း ထောင်တက်လာသလို အမိုးအကာအောက်မှာ ချွေးသိပ်မထွက်တဲ့ ကွိုင်စက်ရုံ လုပ်သားအဖြစ် လက်မထောင်နိုင်ခဲ့တယ်။

“ကျနော့်အတွက် စက်ရုံအလုပ်သမားဆိုတာ ကံကောင်းလို့ရတဲ့အလုပ်ပဲ” လို့ သူကဆိုတယ်။

အရင့်အရင် ပန်းရန်လူကြမ်းဘဝတုန်းက စက်ရုံယူနီဖောင်း တဖျပ်ဖျပ်နဲ့ လွင့်နေတဲ့ သူငယ်ချင်းတွေကို သိပ်အားကျခဲ့သူဆိုတော့ သူကိုယ်တိုင် စက်ရုံလုပ်သား ယူနီဖောင်း တကားကားလည်း ဖြစ်ရော ဘယ်ပြောကောင်းလိမ့်မလဲ၊ ရင်ဘတ်တွေဘာတွေကော့ကာ အပေါ်လေ မိနေလိုက်တာမှ လွန်ရော။

စက်ရုံအလုပ်သမားလေးဘဝ စတင်တော့ တလကို ကျပ် ၃၂၀,၀၀၀။ ပန်းရန်လုပ်တုန်းကလောက် မရပေမဲ့ ပန်းရန်လုပ်တုန်းကလောက်လည်း ပင်ပန်းတာမှ မဟုတ်ဘဲ။ ကြိုးစားရင် အလုပ်သမားခေါင်း ဖြစ်နိုင်တယ်။ ရိုးသားတယ်၊ ကြိုးစားတယ်။ တနှစ်ကျော်လာတော့ မကြာမီ ကျွမ်းကျင်လုပ်သား ဖြစ်လာနိုင်သူလို့ သူ့ အထက်လူကြီးတွေက အသိအမှတ်ပြုကြတယ်။

အဲဒီ တရုတ်ကွိုင်စက်ရုံမှာ ၄ နှစ်ကြာသွားတယ်။ လစာလည်း ၅၆၀,၀၀၀ ဖြစ်လာ၊ ကျွမ်းကျင်လုပ်သားအဖြစ် စက်ရုံမှာ နေရာတနေရာရခဲ့တယ်။ ဒီစက်ရုံကနေ ထွက်စရာ အကြောင်းမရှိ။ ဒီစက်ရုံမှာပဲ အနာဂတ်ဆိုတာရှိတယ်။ တချိန်မှာ အလုပ်သမားခေါင်း ဖြစ်စေ့ရမယ်။ အဲဒီလို ယုံကြည်ချက် အခိုင်အမာ၊ ဒါပေမဲ့ ၂၀၂၄ ခုနှစ် ဩဂုတ်လထဲက တရက်၊ သူ စာလုံးတောင် မှန်မှန်မပေါင်းတတ်တဲ့ နိုင်ငံရေးဆိုတာကြီးက သူ့ ရဲ့အနာဂတ်ကို တစစီ ချေမှုန်းပစ်ခဲ့တယ်။

ကိုချစ်ရင်ထူးက “အဲဒီနေ့က လမ်းမှာ ကားတွေကကျပ်၊ ရေတွေကကြီးနဲ့ ကျနော်တို့ဖယ်ရီကား တော်တော်နောက်ကျနေတယ်။ ည ၉ နာရီလောက် အင်းစိန်၊ တညင်းကုန်းမရောက်ခင် စစ်ကားတစီးက တားတယ်။ ပြီးတော့ နောက်ထပ်စစ်ကားနှစ်စီး ထပ်ရောက်လာတယ်။ ဘာမှ ပြောလို့မရဘူး။ ပေးစရာလည်း ပိုက်ဆံမရှိဘူး။ ကျနော်တို့ဖယ်ရီပေါ်က ယောကျ်ားလေးတွေ အကုန်လုံးကို ဖမ်းသွားတယ်” လို့ သူကဆိုတယ်။

ကားပေါ်မှာ စက်ရုံအလုပ်သမား ကျား ၂၃ ယောက်နဲ့ အမျိုးသမီး ၁၅ ယောက်ခန့်။ အမျိုးသမီးတွေကို ပြန်လွှတ်ပေးပေမဲ့ စက်ရုံလုပ်သား ၂၃ ယောက်စလုံးကို ဖမ်းသွားတော့တယ်။ သူတို့ ၂၃ ယောက်ထဲ အသက်အကြီးဆုံးအရွယ်က ၂၆၊ ၂၇ မို့ မင်းအောင်လှိုင်တပ်မတော်ကြီးအကြိုက်။

ဖမ်းပြီး မကြာခင်မှာပဲ သူတို့ ၂၃ ယောက်ကို လေး၊ ငါးယောက်တစု လူခွဲ ထုတ်လိုက်တယ်။ ကိုချစ်ရင်ထူးအပါ ၄ ယောက်က အမှောင်ထဲပြေးနေတဲ့ ကားတစီးပေါ်မှာ။ သူတို့လို ပေါ်တာဆွဲခံရတဲ့ လူငယ်တွေလည်း ကားပေါ်အပြည့်၊ အသံတွေဆိတ်လို့။ သေချာအောင် နံဘေးကတယောက်ကို မေးကြည့်တော့ စစ်မှုထမ်းသင်တန်းပို့မလို့ ပေါ်တာဆွဲခံရတာတဲ့။ မျက်ရည်တွေ အလိုလိုကျလာတယ်။

ရန်ကုန်မှာ တွေ့ရာမြင်ရာ အလစ်သုတ်ဖမ်းဆီးနေမှန်း သတင်းတွေကြားနေရပေမဲ့ ကောလာဟလလို့ပဲ ထင်ထားခဲ့လေတော့ အခုလို ပေါ်တာဆွဲခံရမယ်လို့ ဘယ်မျှော်လင့်မိမလဲ။ ရပ်ကွက်ထဲ စစ်သားတွေဝင်လာရင် ခွေးတွေထိုးဟောင်လွန်းလို့ ခွေးတောင် မကြည်ဖြူတဲ့ စစ်တပ်လို့ သူဟာသပြောခဲ့ဖူးသမျှ အခုတော့ အဲဒီစစ်တပ်ထဲ တန်းတန်းမတ်မတ်။ တညလုံး မရပ်မနား မောင်းနေတဲ့ကားပေါ် ဆိုးလိုက်တဲ့ကံကြမ္မာကို ဆဲရေးကာ ဖြစ်ချင်ရာဖြစ် မျက်လုံးမှိတ်လိုက်တာ မနက်မလင်းသေးခင် သူတခါမှ မရောက်ဖူးတဲ့ မော်လမြိုင်မြို့ပေါ် ရောက်တယ်။

“မော်လမြိုင်မြို့ပေါ် ခြေချလိုက်တာနဲ့ ကျနော် စစ်တပ်ထဲတော့ အသေမခံနိုင်ဘူး။ လွတ်အောင်ပြေးမယ်လို့  စိတ်ပိုင်းဖြတ်လိုက်တယ်” လို့ ကိုချစ်ရင်ထူးက ဆိုတယ်။

မော်လမြိုင်မှာ ခဏနေပြီးနောက် နာမည်တောင် သူမကြားဘူးတဲ့ ပုလောမြို့နယ်ထဲက ပလောက်မြို့ကို ရောက်တယ်။ ပလောက်မြို့၊ အမှတ် ၁၂ တပ်မတော် လေ့ကျင့်ရေး သင်တန်းကျောင်း၊ စစ်မှုထမ်းအပတ်စဉ် ၅  သင်တန်းဖွင့်တဲ့ရက်မှာ ဘာကောင်မှန်းမသိတဲ့ တယောက်က မိန့်ခွန်းလာခြွေ။ “တိုင်းချစ်ပြည်ချစ် တပ်မတော်ချစ်စိတ်နဲ့ ကိုယ့်သဘောနဲ့ကိုယ် စစ်မှုထမ်းသင်တန်းလာတက်တာ ဂုဏ်ယူမိပါတယ်” တဲ့။ တခါတည်း ပစ်သတ်ခံရမှာစိုးလို့ စိတ်ထဲကနေသာ အော်ကြီးဟစ်ကျယ် အဲဒီငနဲကို ဆဲရေးပစ်လိုက်တယ်။

“သင်တန်းမှာ ကျနော်တို့လို ပေါ်တာဆွဲခံရသူနဲ့ ထိုင်းမှာ ထောင်ကျပြီး ဒီဘက်ကမ်းပြန်ပို့တော့ စစ်တပ်ထဲ ဖမ်းထည့်ခံရသူတွေ အများဆုံးပဲ။ မဲပေါက်ပြီး ရောက်လာတဲ့သူတောင် မရှိသလောက်ပဲ” လို့ သူကဆိုတယ်။

ရိုက်နှက်ထိုးကြိတ် အမိန့်သံပြင်းပြင်းနဲ့ သင်တန်းကာလ ၃ လခွဲကြာ။ ပြေးဖို့ရာ ၂၄ နာရီပြည့် ခေါင်းထဲရှိပေမဲ့ ပြေးလို့လည်းမရ၊ ပြေးလို့လွတ်တောင် ဘယ်သွားရမှန်းမသိတာကြောင့် လက်မှိုင်ချ။ သင်တန်းဆင်းတော့ မော်လမြိုင်ရဲတပ်ရင်းတခုမှာ တလခွဲကြာ။ ပြီးတော့ သထုံတာယာစက်ရုံအနီး ကြာပန်း-ဝီယော် ခရိုင်ချင်းဆက် လမ်းဝန်းကျင် ခမရ ၁ မှာ ၂ လနဲ့ ခမရ ၁ နဲ့ သိပ်မဝေးတဲ့ အမှတ် ၄၀၂ အမြောက်တပ်။

“ကြာပန်း၊ ဝီယော်ဆိုတာ PDF နယ်မြေ။ ကင်းထွက်ရင် ကျနော်တို့ စစ်မှုထမ်းဆင်းစစ်သားတွေကိုပဲ ပွိုင့်မှာထားတယ်။ ကိုယ့်အရင် သေနတ်နဲ့ အလင်းဝင်သွားတာတွေရှိလို့ ကင်းစောင့်ရင် စစ်မှုထမ်းစစ်သားတွေကို သေနတ်ပေးမထားဘူး။ စစ်မှုထမ်းစစ်သားဆိုတာ အသေခံတပ်သားလို့ စစ်တပ်က သဘောထားတယ်” လို့ ကိုချစ်ရင်ထူးက ဆိုတယ်။

ပြေးဖို့ရာ ချောင်းနေရင်း အမြောက်တပ်မှာ ၅ လလောက် ကြာသွားတယ်။ အဝင်ရှိရင် အထွက်လည်း ရှိရမယ်။ စစ်တပ်ထဲ အသေတော့မခံဘူးဆိုပြီး သင်္ကြန်နားနီး ဧပြီ ၁၁ ရက်၊ လစ်တာနဲ့ ဖြစ်ချင်ရာဖြစ် တပ်ထဲကနေထွက်လာ၊ တောထဲ ဝင်ပြေးပစ်လိုက်တယ်။ ဘယ်သွားရမယ်မှန်း မသိပေမဲ့ PDF တွေနဲ့ တွေ့မှာပဲလို့ ရဲဆေးတင်လိုက်တယ်။ PDF ခေါင်းဆောင် ကိုသုည၊ သူသိတာဆိုလို့ အဲဒီနာမည်တလုံးတည်း။ မနက် ၉ နာရီက ထွက်လာလိုက်တာ တောထဲမှာ ပတ်ချာလည်နေတာနဲ့ ညနေ ၅ နာရီကျမှ ရွာတရွာနား ရောက်ရှိ။ ရွာအပြင်ဘက် တောစပ်စပ်မှာ ရွာသားတယောက်နဲ့တွေ့တော့ PDF ခေါင်းဆောင် ကိုသုညဆီ သွားချင်ကြောင်း အရဲစွန့် ပြောချလိုက်တယ်။ ကံကောင်းချင်တော့ လာ၊ လိုက်ခဲ့၊ သူ့အိမ်မှာတညအိပ်၊ မနက်ဖြန်စောစော ပို့ပေးမယ်လို့ ဆိုတယ်။ နောက်တရက်မနက် အမှန်အကန် ဂရုတစိုက် လိုက်ပို့ပေးတာကြောင့် သထုံမြို့ပြအထူးပြောက်ကျားအဖွဲ့ဆီ ရောက်ရှိ။ ကိုယ့်ကိုယ်ကိုယ် မသေတော့ဘူးဆိုတာ ရဲရဲယုံပစ်လိုက်မိတယ်။

“ကျနော် အခု PDF ဖြစ်နေပြီ၊ တော်လှန်ရေးပြီးမှ အိမ်ပြန်မယ်” လို့ ကိုချစ်ရင်ထူးက ဆိုတယ်။

စစ်တပ်ထဲ မသေတာ သူ့ကိုယ်သူ ကံကောင်းသူတယောက်လို့ ဆိုတယ်။ သူနဲ့အတူ ပေါ်တာအဆွဲခံရတဲ့ စက်ရုံလုပ်သား ၂၂ ယောက်။ သူ့လိုသာ မလွတ်မြောက်ခဲ့ရင် အခုလောက်ဆို တော်တော်သေနေလောက်ပြီလို့လည်း ဆိုတယ်။

ဧပြီ ၄ ရက်က စစ်မှုထမ်းအပတ်စဉ် ၉ သင်တန်းဆင်းခဲ့ပြီ။ အပတ်စဉ်တခုကို လူ ၅,၀၀၀ မို့ မင်းအောင်လှိုင်စစ်သားဖြစ်သွားသူ ၄၅,၀၀၀။ တိုင်းပြည်ရဲ့ အရေးကြီး အရင်းအမြစ် အဓမ္မစစ်သားဘဝ ရောက်ရတဲ့ လူငယ်တွေ ကိုယ့်စိတ်ဆန္ဒ လုံးဝမပါဘဲ ရက်ရက်စက်စက် အသက်ပျောက်သွားခဲ့တာ နည်းတော့မယ်မထင်။

ညဟာ သိပ်ရှည်လွန်းလှတယ်။ အိပ်မက်ဆိုးတွေချည်းပဲ။

လင်းဆက်ငြိမ်းချမ်း

စက်ရုံလုပ်သား
PDFရဲဘော်
တော်လှန်ရေးတပ်
လင်းဆက်ငြိမ်းချမ်း
စစ်မှုထမ်းတပ်သား

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013