Home
မြန်မာသတင်း
ငလျင်ဘေးအကူအညီများကို ဘက်မလိုက်ဘဲ အမြန်ပေးရန် မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး ကောင်စီ  တိုက်တွန်း  
DVB
·
May 9, 2025

ငလျင်ဘေးသင့် မြန်မာပြည်သူတွေအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပစ္စည်းအကူအညီတွေ အမြန်ဆုံးနဲ့ ဘက်မလိုက်ဘဲ၊ အဟန့်အတားမရှိပေးဖို့  မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးကောင်စီ (SAC-M)က နိုင်ငံတကာအသိုက်အဝန်းကို ထပ်မံတောင်းဆို လိုက်ပါတယ်။

အာဆီယံ၊ မြန်မာ့အိမ်နီးချင်းနိုင်ငံတွေနဲ့ နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ လိုအပ်နေသူတွေ အားလုံးထံ အကူအညီပေးပို့ရာမှာ NUG အစိုးရ၊ တိုင်းရင်းသားနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ တိုက်တွန်းပါတယ်။ 

ဒါ့အပြင် နယ်စပ်ဖြတ်ကျော်လမ်းကြောင်းတွေကနေ တဆင့်၊ ရရှိနိုင်တဲ့ နည်းလမ်းအားလုံးနဲ့ ဆောင်ရွက်ဖို့ ပြန်လည်ထူထောင်ရေးနဲ့ ပြန်လည်တည်ဆောက်ရေး ကြိုးပမ်းမှုတွေကို အားဖြည့်ဖို့နဲ့ ပိုမိုကျယ်ပြန့်တဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို ဖြေရှင်းရန်ဖို့ ငွေကြေးအထောက်အပံ့တွေ တိုးမြှင့်ပေးဖို့လည်း တောင်းဆိုလိုက်ပါတယ်။ 

ဆယ်စုနှစ်များစွာတိုင် မြန်မာစစ်တပ်ဟာ သဘာဝဘေးအန္တရာယ်တွေကို အခွင့်ကောင်းပြီး လူသားချင်းစာနာမှုဆိုင်ရာဝင်ရောက်ခွင့်ကို ကြိုးကိုင်ခြယ်လှယ်တာ၊ ပိတ်ဆို့တားဆီးတာတွေ ပြုလုပ်ခဲ့တဲ့အစဉ်အလာရှိခဲ့တဲ့အကြောင်းနဲ့ အခုအခါမှာလည်း စစ်အုပ်စုဟာ ဒီနည်းဗျူဟာကိုပဲ ပြန်လည်ကျင့်သုံးနေတယ်လို့ အကြံပေးကောင်စီက ပြောပါတယ်။ 

နိုင်ငံတကာအနေနဲ့ စစ်အုပ်စုကို အရေးယူဖို့ ပျက်ကွက်တဲ့ အခြေအနေကို အဆုံးသတ်ရမယ့် အပြင်  တရားမျှတမှု ဖော်ဆောင်ရေးအတွက် ချက်ချင်း ဟန်ချက်ညီညီဆောင်ရွက်မှုတွေ စတင်လုပ်ဆောင်ဖို့လည်းတိုက်တွန်းထားပါတယ်။

မြန်မာနိုင်ငံမှာ မတ်လ ၂၈ ရက်က  အင်အားပြင်းငလျင် လှုပ်ခတ်မှုကြောင့် စုစုပေါင်း သေဆုံးသူအရေအတွက် ၄,၄၀၀ ကျော်နဲ့ ထိခိုက်ဒဏ်ရာရသူ ၁၁,၀၀၀ ကျော်၊ ငလျင်ဘေးသင့်သူ ၁၉၀,၀၀၀ ကျော်ရှိခဲ့တယ်လို့ DVB က ဧပြီ ၁၆ ရက်အထိ စုစည်းရရှိထားတဲ့ အချက်အလက်တွေအရ သိရပါတယ်။

ဒါ့အပြင်  လူနေအိမ်တွေနဲ့ အရေးပါတဲ့ အခြေခံအဆောက်အအုံတွေ အများအပြား ပြိုကျပျက်စီးခဲ့ရပြီး ငလျင်ဘေးသင့် လူ ၄ သန်းခွဲလောက်ဟာ  ညတွင်းချင်း အရေးပေါ်အကူအညီတွေ လိုအပ်နေခဲ့တာ ဖြစ်ပါတယ်။ 

အခုအချိန် ငလျင်လှုပ်ခတ်ပြီး  တလကျော်ကြာလာတဲ့အထိ  စစ်ကောင်စီနဲ့ နိုင်ငံတကာအသိုက်အဝန်းဆီကနေ ထိရောက်တဲ့ အကူအညီတွေ မရတာကြောင့် ငလျင်ဘေးသင့်ပြည်သူတွေဟာ ပျက်စီးသွားတဲ့ နေအိမ်တွေကို ပြန်လည်တည်ဆောက်ဖို့ မစတင်နိုင်သေးဘဲ ယာယီ ခိုလှုံရာစခန်းတွေမှာ အများအပြား နေထိုင်နေကြရဆဲဖြစ်ပါတယ်။

ငလျင်ဘေးနဲ့ ကြုံနေရချိန်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီးလည်း မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးကောင်စီ (SAC-M)က ကန့်ကွက်ရှုတ်ချထားပါတယ်။

ငလျင်ဘေး
အကူအညီ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013