
ကချင်ပြည်နယ်၊ ဖားကန့်သွားလမ်းပေါ်က လဝါးနဲ့ နန့်ယားကျေးရွာအနီးတဝိုက်မှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ် ပူးပေါင်းတပ်တွေနဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်တွေကြား တိုက်ပွဲပြင်းထန်လာတာကြောင့် တောတောင်ယာခင်းတွေထဲ တိမ်းရှောင်နေတဲ့ စစ်ဘေးရှောင် ၁,၂၀၀ ကျော်အတွက် အမိုးအကာနဲ့ စားဝတ်နေရေး အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။
ဖားကန့်လမ်းမတလျှောက်မှာရှိတဲ့ လဝါး၊ နန့်ယား၊ ကပ်မှော်၊ ဆိုင်းဖရာ၊ နမ်တိန်၊ လုန်ဘရာ၊ ခွန်ဆိုင်ဇွပ်နဲ့ စဘော့တို့က စစ်ဘေးတိမ်းရှောင်တဲ့ ဒေသခံ ၂,၃၀၀ ကျော်အထိ ရှိလာပြီလို့ စစ်ရှောင်ကူညီပေးနေသူဆီက သိရပါတယ်။
နီးစပ်ရာ တောတောင်ယာခင်းတွေထဲ တိမ်းရှောင်နေတဲ့ စစ်ရှောင် ၁,၂၀၀ ကျော်ရှိပြီး အမိုးအကာနဲ့ စားဝတ်နေရေးအတွက် အကူအညီတွေ လိုအပ်နေတယ်လို့ စစ်ရှောင်ကူညီပေးနေသူ တယောက်က ပြောပါတယ်။
“စစ်ကောင်စီက စစ်ကြောင်းထိုးတက်လာဆိုတော့ လမ်းပေါ်မှာရှိတဲ့ ရွာတွေ အကုန်တိမ်းရှောင်ကြရတာပေါ့။ ကပ်မှော်၊ ဆိုင်းဖရာ၊ စဘော့၊ နန့်ယား အဲ့က အိမ်ထောင်စု ၃၁၃၊ လူဦးရေ ၁,၂၃၁ ယောက် စာရင်းရရှိထားသလောက်ပေါ့။ သူတို့ကတော့ နီးစပ်ရာ တောတောင် ယာခင်းတွေထဲမှာ တိမ်းရှောင်နေကြတယ်။ အဓိက လိုအပ်တာကတော့ အမိုးအကာပေါ့။ အခုက သူတို့ ဖြစ်သလို အဆင်ပြေအောင် တောထဲနေနေကြတာဆိုတော့ မိုးရွာတာတွေလည်း ရှိတော့ သူတို့အတွက် အခက်အခဲဖြစ်မှာပေါ့။ ကျန်းမာရေး ဆေးဝါး၊ စားသောက်ဖို့က အစ ခက်ခဲမယ်။ သူတို့ ယာခင်းထဲစိုက်ထားတာကလွဲပြီး တခြားစားစရာ မရှိဘူးလေ။ အခုက ဆက်သွယ်ဖို့တောင် ခက်ခဲနေတာ။ တတ်နိုင်သလောက်တော့ ချိတ်ဆက် ကူညီပေးနိုင်ဖို့ ဆောင်ရွက်နေပါတယ်။”
ဖားကန့်မြို့ပေါ် တိမ်းရှောင်နေတဲ့ စစ်ရှောင် ၁,၁၀၀ ကျော်ကိုတော့ လတ်တလော စားသောက်ဖို့အတွက် KBC အသင်းတော်ကနေ လက်လှမ်းမီသလောက် တာဝန်ယူ ကူညီပေးနေပေမဲ့ ဆေးဝါးပစ္စည်း၊ အဝတ်အစားနဲ့ အမျိုးသမီးအသုံးအဆောင်တွေ လိုအပ်နေပါတယ်။
ဖားကန့်မြို့ပေါ်ကို တိမ်းရှောင်လာတဲ့ စစ်ရှောင် ၁,၀၀၀ ကျော်ကတော့ ဖားကန့် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) က ကောက်ယူထားတဲ့ စာရင်းတွေဖြစ်ပြီး ကဒေမှော်၊ ကထန်ယန်၊ ထွယ်ဆန်ယန်၊ နမ်ဖြစ်၊ ဆိုင်းအောင်၊ ဆိုင်းတောင်၊ စဘော့၊ မှော်စီဆာ၊ ရှအစ်ယန်၊ ယူမာ စတဲ့နေရာတွေမှာ နေရာချထားပေးပါတယ်။
ဖားကန့်ဒေသက ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ ကချင်ဒေသ ကာကွယ်ရေးတပ် (KPDF) ပူးပေါင်းတပ်တို့ တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေတွေပြန်ရဖို့ စစ်ကောင်စီတပ်က ဧပြီ ၂၃ ရက်ကစပြီး ကာမိုင်း၊ အင်းတော်ကြီးဒေသကနေ ဖားကန့်ဘက်ကို အင်အားထောင်ချီနဲ့ ထိုးစစ်ဆင်နေတာပါ။
အဲဒီစစ်ကြောင်းတွေကို KIA ပူးပေါင်းတပ်ကလည်း ကာမိုင်း-ဖားကန့်လမ်းပိုင်းရှိ မအူပင်၊ နန့်ယားတလျှောက် စောင့်ကြိုတိုက်ခိုက်ပေမဲ့ စစ်တပ်က လေကြောင်းအကူနဲ့ မေ ၅ ရက်မှာ ကပ်မှော်ရွာထိ ရောက်ရှိလာပြီလို့ ကချင် စစ်ရေးသတင်းရစ်မြစ်ကနေသိရပါတယ်။
ကချင်တပ်နဲ့နီးစပ်သူတယောက်က “မေလ ၇ ရက်နေ့အထိ ကပ်မှော်နဲ့ ဆိုင်းဖရာကြားမှာ တိုက်ပွဲပြင်းထန်နေထယ်။ စကစဘက်ကတော့ လေကြောင်းကနေပါ ဗုံးကြဲတိုက်ခိုက်နေတာ။ မနေ့ကအထိ လေကြောင်းလာကူတယ်။ ထိုးစစ် ၂ ပတ်အတွင်း နန့်ယားကျေးရွာအကျော် ဖားကန့်မြို့ အရှေ့ဘက် ၂၂ မိုင်အကွာလောက်မှာရှိတဲ့ ကပ်မှော်ရွာကို ရောက်လာပြီ။ ထပ်ပြီး ဖားကန့်ဘက် စစ်ကြောင်းထိုးနေလို့ တိုက်ပွဲပြင်းထန်နေတာပါ။ ကပ်မှော်ရွာနားမှာ သူတို့ စစ်ကြောင်းဖြန့်ပြီး နေနေကြတာ” လို့ပြောပါတယ်။
ကျောက်စိမ်းထွက်ရှိရာ ဖားကန့်ဒေသဘက်ကို ဝင်ရောက်ဖို့ဆိုရင် ဖားကန့်-အင်းတော်ကြီးလမ်း၊ ဖားကန့်-ကားမိုင်းလမ်း၊ ဖားကန့်-ဆယ်ဇင်းလမ်းရှိပြီး ဒီလမ်းပိုင်းအားလုံးကို KIA ပူးပေါင်းတပ်က ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။
ဖားကန့်သွားလမ်းပေါ်က နန့်ယားကျေးရွာအပါ ဆိုင်းဖရာနဲ့ ကပ်မှော်ဒေသတွေကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဧပြီလအတွင်းမှာပဲ KIA ပူးပေါင်းတပ်တွေက အပြီးသတ်သိမ်းပိုက်ပြီး KIO အစိုးရရဲ့ အုပ်ချုပ်ရေးယန္တရား လည်ပတ်နေတာပါ။
လက်ရှိ ဗန်းမော်မြို့သိမ်းတိုက်ပွဲ ပြင်းထန်နေချိန်မှာ စစ်ကောင်စီ၊ SNA နဲ့ ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့တွေက ဧရာဝတီမြစ် အနောက်ဘက်ခြမ်းမှာရှိတဲ့ မြစ်ကြီးနား၊ ဝိုင်းမော်၊ မိုးညှင်း၊ မိုးကောင်း၊ ဖားကန့်နဲ့ တနိုင်းမြို့နယ်တို့မှာ စစ်ရေးပြင်ဆင်မှုတွေ၊ စစ်ရေးလှုပ်ရှားမှုတွေ ခပ်စိပ်စိပ် လုပ်ဆောင်လာတာ ဖြစ်ပါတယ်။
ဟန်န