
မလေးရှားနိုင်ငံမှာ တရားမဝင် အလုပ်လုပ်ကိုင်တဲ့ နိုင်ငံခြားသားတွေကို ဖမ်းဆီးတဲ့ အော်ပရာစီဖမ်းဆီးမှုတွေ နေ့တိုင်းနီးပါးလုပ်ဆောင်နေပြီး မေ ၇ ရက်က ကွာလာလာမ်ပူမြို့မှာ မြန်မာအပါအဝင် နိုင်ငံခြားသား ၁၃၀၀ နီးပါး ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။
ကွာလာလာမ်ပူမြို့မှာ မေလ ၇ ရက်တနေ့တည်းမှာ တရားမဝင် နိုင်ငံခြားသား ၁၃၀၀ နီးပါး ဖမ်ဆီးမိခဲ့တယ်လို့ မလေးရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာနက မေ ၈ ရက်မှာ ထုတ်ပြန်ပါတယ်။
တရားမဝင်နိုင်ငံခြားသားတွေ အများဆုံး အလုပ်လုပ်ကိုင်နေတဲ့ နိုင်ငံအနှံ့က နေရာ ၁၆ နေရာကို ဝင်ရောက်ပြီး နိုင်ငံခြားသား ၁၇၅၆ ယောက်ကို စစ်ဆေးခဲ့ကာ တရားမဝင်နိုင်ငံခြားသား အယောက် ၁၂၇၀ နဲ့ လုပ်ငန်းရှင် ၁၁ ယောက်ကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။
ဖမ်းဆီးခံရသူတွေထဲ မြန်မာ၊ ဘင်္ဂလာဒေ့ရှ်၊ နီပေါ၊ ပါကစ္စတန်၊ အင်ဒိုနီးရှား စတဲ့ နိုင်ငံသားတွေပါဝင်ပြီး မြန်မာနိုင်ငံသား အရေအတွက်ဘယ်လောက်ပါလဲဆိုတာကိုတော့ မသိရသေးပါဘူး။
မေလက စတင်ပြီး ဆောက်လုပ်ရေး၊ စိုက်ပျိုးရေး၊ ဝန်ဆောင်မှုလုပ်ငန်းတွေနဲ့ နိုင်ငံခြားအလုပ်သမားတွေကို အလုပ်ခန့်တဲ့နေရာ မှန်သမျှကို စစ်ဆေးဖမ်းဆီးမှုတွေ လုပ်သွားမယ်လို့ လူဝင်မှုကြီးကြပ်ရေးဌာနက ထုတ်ပြန်ထားပါတယ်။
မလေးရှားမှာအလုပ်လုပ်ကိုင်နေတဲ့ မြန်မာတယောက်က “နိုင်ငံခြားသားတွေအများဆုံးနေတဲ့ နေရာတွေမှာ အဖမ်းအဆီးများတာပေါ့နော်၊ နောက်ပြီးတိုင်ကြားမှုရှိတဲ့ နေရာတွေမှာဖမ်းတယ်၊ ပြီးရင် နိုင်ငံခြားသားတွေအများဆုံး အလုပ်လုပ်ကိုင်နေတဲ့ လုပ်ငန်းခွင်မှာ ဝင်ရောက်ဖမ်းဆီးတာတို့ ဘာတို့ရှိတာပေါ့နော်။ ဖမ်းဆီးမှုတွေက လုံးဝရပ်တန့်သွားတာမျိုး မဟုတ်ဘဲ၊ နည်းသွားတာတို့ များသွားတာတို့ပဲရှိတာပေါ့နော်။ အခုနောက်ပိုင်းပြန်ပြီးတော့မှ ဖမ်းဆီးတာတို့ဘာတို့ ပြန်ရှိလာပြီပေါ့နော်။ မနေ့ကဆိုရင် တရက်တည်းနဲ့ မြန်မာနိုင်ငံသားအပါအဝင် လူပေါင်း ၁၂၀၀ ကျော် ဖမ်းဆီးခံလိုက်ရတယ်ပေါ့”လို့ ပြောပါတယ်။
တရားမဝင်နိုင်ငံခြားသားတွေကို အလုပ်ခန့်အပ်တဲ့ အလုပ်ငန်းရှင်တွေကိုလည်း မလေးရှားအစိုးရက တရားမဝင် နိုင်ငံခြားသားအလုပ်ခန့်မှုနဲ့ တရားစွဲပြီး အလုပ်သမား တယောက်အတွက် မလေးရှားငွေ ရင်းဂစ် ကျပ် ၅၀၀၀ ဒဏ်ငွေ ဆောင်ကြရတယ်လို့ သိရပါတယ်။
၂၀၂၅ ခုနှစ်အတွင်း မလေးရှားနိုင်ငံမှာ ဖမ်းမိတဲ့ တရားမဝင်နိုင်ငံခြားသားတွေကို တရားရုံး တင်ထောင်ချပြီး ဆလန်ဂေါပြည်နယ်မှာတော့ ဖမ်းဆီးမှုများတဲ့အတွက် ယူအန် ဒုက္ခသည် အသိအမှတ်ပြု ကတ်ကိုင်ဆောင်သူတွေကို ထောင်မချဘဲ နိုင်ငံကို တိုက်ရိုက်ပြန်ပို့တယ်လို့ သိရပါတယ်။
အကူအညီပေးနေသူတွေရဲ့ စာရင်းအရ ၂၀၂၅ ခုနှစ် ပထမ ၄ လအတွင်း မလေးရှားနိုင်ငံမှာ ဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသား အယောက် ၁၅၀၀ ဝန်းကျင်ရှိပြီလို့ သိရပါတယ်။
မလေးရှားရောက်မြန်မာတယောက်က “နယ်မြေတခုမှာ စက်ရုံကအများကြီးရှိတယ်။ အလှည့်ကျ စက်ရုံတွေကို ဝင်ဝင်ဖမ်းနေတာ။ အခုဒီလိုမျိုး ဆောက်လုပ်ရေးဆိုဒ်တွေ၊ သူတို့က ဘယ်လိုပြောရမလဲဆိုတော့ အစီအစဉ်တကျ Plan သေချာဆွဲပြီး သွားနေတဲ့ ပုံစံမျိုးကို ဖမ်းနေတာပါ။ ဝင်လာတဲ့သူတွေရဲ့ ပုံစံက အောက်လမ်းကဝင်လာတာ၊ တချို့တွေကျတော့ အလည်ဗီဇာနဲ့လာတာ၊ တချို့ကျတော့ ပါမစ်နဲ့ နေထိုင်ပြီး ကျော်လွန်သွားတာ”လို့ ပြောပါတယ်။
မေ ၇ ရက်ကလည်း မလေးရှားနိုင်ငံ၊ ဂျိုဟိုးပြည်နယ်မှာ မြန်မာနိုင်ငံသား ၉၈ ယောက်ပါဝင်တဲ့ တရားမဝင် နိုင်ငံခြားသား ၁၀၈ ယောက်ကို မလေးရှား လူဝင်မူကြီးကြပ်ရေးက သက်ဆိုင်ရာနိုင်ငံသို့ ပြန်လည်ပို့ဆောင် ခဲ့ပါတယ်။
သီရိ