
ဘင်္ဂလားဒေ့ရှ်အစိုးရရဲ့ အာရက္ခတပ်တော် (AA) နဲ့ ဆက်သွယ်ခဲ့တာနဲ့ ပတ်သက်ပြီး မြန်မာစစ်ကောင်စီက ကန့်ကွက်တဲ့အပေါ် ဘင်္ဂလားဒေ့ရှ်အစိုးရဘက်က ပယ်ချတယ်လို့ ဘင်္ဂလားဒေ့ရှ်အခြေစိုက် သတင်းတွေမှာ ဖော်ပြထားပါတယ်။
ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ အမျိုးသားအကျိုးစီးပွားကို ကာကွယ်ဖို့အတွက် လိုအပ်တယ်လို့ ယူဆတဲ့ ဘယ်အဖွဲ့အစည်းနဲ့မဆို ချိတ်ဆက်ဆောင်ရွက်သွားမယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ အမျိုးသားလုံခြုံရေး အကြံပေး Khalilur Rahman က မေ ၆ ရက်က နိုင်ငံခြားရေးဌာနမှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ အချုပ်အခြာပိုင်နိုင်ငံတခု ဖြစ်တာကြောင့် နိုင်ငံအကျိုးစီးပွားအတွက် အလိုရှိတဲ့ အဖွဲ့အစည်းတိုင်းနဲ့ တွေ့ဆုံသွားမယ်လို့လည်း ဘင်္ဂလားဒေ့ရှ် အမျိုးသားလုံခြုံရေးအကြံပေး Khalilur Rahman က ပြောကြားခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။
“ကျွန်ုပ်တို့ဟာ အချုပ်အခြာအာဏာပိုင်နိုင်ငံတခု ဖြစ်တယ်။ ကျွန်ုပ်တို့ အကျိုးစီးပွားအတွက် ကျွန်ုပ်တို့ အလိုရှိတဲ့သူတိုင်းနဲ့ တွေ့ဆုံရပါမယ်။ ကျွန်ုပ်တို့မှာ လွတ်လပ်တဲ့ နိုင်ငံခြားရေးမူဝါဒကို ချမှတ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်နေတာဖြစ်တယ်။”
အာရက္ခတပ်တော်နဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရတို့အကြား ဧပြီလအတွင်းက ဆက်သွယ်မှု ပြုလုပ်ခဲ့ကြတာကို ထုတ်ဖော်ခဲ့ကြပြီးနောက် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ မြန်မာစစ်ကောင်စီက အဲဒီဆက်သွယ်မှုကို ကန့်ကွက်ခဲ့တာလည်း ဖြစ်ပါတယ်။
လက်ရှိမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ နယ်စပ်မှာ ထိန်းချုပ်ထားသူဟာ အာရက္ခတပ်တော်သာ ဖြစ်တာကြောင့် သူတို့နဲ့ဆက်ဆံရမှာဖြစ်ပြီး ဒါက အမှန်တရားဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ အမျိုးသားလုံခြုံရေး အကြံပေးက ဆက်ပြောခဲ့ပါတယ်။
ပြီးခဲ့တဲ့ မတ်လတုန်းက ကုလသမဂ္ဂရဲ့ အတွင်းရေးမှူးဖြစ်သူ အန်တိုနီယို ဂူတားရက်စ် ဘင်္ဂလားဒေ့ရှ် ရောက်ရှိလာစဉ် ရခိုင်မှာရှိတဲ့ စစ်ဘေးသင့်ပြည်သူတွေကို ကူညီဖို့အတွက် လူသားချင်းစာနာထောက်ထားမှု စင်္ကြံတခုကို ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရထံ တောင်းဆိုခဲ့ပြီး ဘင်္ဂလားဒေ့ရှ်အစိုးရဘက်က AA နဲ့ စစ်ကောင်စီထံ ဆက်သွယ်ထားပြီး ခွင့်ပြုချက်ကို စောင့်နေတယ်လို့ သိရပါတယ်။
အာရက္ခတပ်တော် (AA) ဟာ ဘင်္ဂလားဒေ့ရှ်နဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ မောင်တော၊ ဘူးသီးတောင်နဲ့ ပလက်ဝအပါအဝင် ရခိုင်က မြို့နယ် ၁၅ ခုကို သိမ်းပိုက်ထိန်းချုပ်ထားပါတယ်။
Ref: bdnews24