မကွေးတိုင်း၊ မြိုင်မြို့နယ်ထဲက ကျေးရွာ ၂ ရွာကို မေ ၅ ရက်နဲ့ ၆ ရက်နေ့တွေမှာ စစ်ကောင်စီစစ်ကြောင်းက မီးရှို့လို့ ဘုန်းကြီးကျောင်းနဲ့ လူနေအိမ် အလုံး ၄၀ နီးပါး မီးလောင် ပျက်စီးသွားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။
မြိုင်မြို့နယ်အခြေစိုက် M.V.P Revolution Force ရဲ့ ပြန်ကြားရေးတာဝန်ခံက “ေ–းစစ်ကြောင်းက လေတန်ရွာ၊ ပေါက်ပင်ကိုင်ရွာနဲ့ သစ်ကြီးတောရွာတွေမှာ အခုလဆန်းပိုင်းကတည်းက ဝင်ပြီး တပ်စွဲနေကြတာပါ။ ပြည်သူတွေ ထွက်ပြေးကြတော့ သူတို့ စစ်ေ–းတွေက ရွာတွေထဲက ပြည်သူပိုင်တဲ့ ပစ္စည်းတွေကို စိတ်ကြိုက်ခိုးတယ်။ ပြည်သူပိုင်ပစ္စည်းတွေနဲ့ ချက်ပြုတ်စားတယ်။ နွားတွေ၊ ဝက်တွေလည်း သတ်စားတယ်။ ပြည်သူပိုင်ပစ္စည်းတွေနဲ့ ဘန်ကာတွေ ဆောက်တယ်။ နောက်ဆုံး ပြည်သူကို ကျေးဇူးကန်းပြီး ပြည်သူပိုင်အိမ်တွေကို မီးရှို့ခဲ့ကြတာ။ လေတန်ရွာက ဘုန်းကြီးကျောင်း၊ ပေါက်ပင်ကိုင်ရွာကလည်း ဘုန်းကြီးကျောင်းနဲ့ အိမ် ၃၃ လုံး၊ သစ်ကြီးတောရွာက အိမ် ၆ လုံး၊ ၃ ရွာပေါင်း မီးလောင်ပျက်စီးတာ ဘုန်းကြီးကျောင်းတွေနဲ့ အိမ်အလုံးပေါင်း ၄၀ ကျော်ရှိမယ်ဗျ” လို့ ပြောပါတယ်။
အဆိုပါ စစ်ကောင်စီစစ်ကြောင်းဟာ ပြီးခဲ့တဲ့ မေ ၂ ရက်ကစပြီး လေတန်ကျေးရွာ၊ ပေါက်ပင်ကိုင်ကျေးရွာနဲ့ သစ်ကြီးတောကျေးရွာတွေမှာ ဝင်ရောက်တပ်စွဲနေကြကာ မေ ၅ ရက်မှာတော့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြသေးတယ်လို့ ဆိုပါတယ်။
M.V.P Revolution Force ရဲ့ တာဝန်ခံ ရဲဘော်ကိုရှိုင်းက “အဲဒီရွာတွေမှာ တပ်စွဲနေတဲ့ စစ်ကြောင်းက ပခုက္ကူ တပ်မ ၁၀၁ က အင်အား ၁၀၀ လောက်ရှိမယ်။ သူတို့ ပေါက်ပင်ကိုင်ဘုန်ကြီးကျောင်းကို မီးရှို့ပြီးတော့ အဲဒီရွာရဲ့ အရှေ့မြောက်ဘက်ကို လက်နက်ကြီးတွေ လှမ်းထုပြီး ဆက်ထွက်လာကြတော့ ကျနော့်ရဲဘော်တွေက လမ်းကနေ ဖြတ်တိုက်တာ သူတို့ဘက်က အသေအပျောက်နဲ့ အထိအခိုက် များပြီးတော့ ရှေ့ဆက်မသွားတော့ဘဲ လေတန်ရွာထဲကို ပြန်ဝင်သွားကြတယ်။ ဒဏ်ရာရပြီး သေတဲ့အလောင်းတွေကို အဲဒီ လေတန်ရွာထဲမှာ မြေမြှုပ်ခဲ့ကြတယ်။ သေတဲ့ကောင်တွေရဲ့ စစ်ယူနီဖောင်းတွေလည်း ဒီတိုင်းလွှင့်ပစ်ထားခဲ့ကြတာ” လို့ DVB ကို ပြောပါတယ်။
တိုက်ခိုက်ခံရလို့ အထိနာခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ လေတန်၊ ပေါက်ပင်ကိုင်နဲ့ သစ်ကြီးတောကျေးရွာတွေကို မီးရှို့ဖျက်ဆီးကာ မေ ၇ ရက် မနက်ပိုင်းမှာတော့ တောင်ကျေးရွာဘက်ကနေ ပခုက္ကူမြို့နယ်ဘက်ကို ဆက်လက်ထွက်ခွာသွားကြတယ်လို့လည်း သူက ဆက်ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ မြိုင်မြို့နယ်နဲ့ ပခုက္ကူမြို့နယ်အစပ်က ကျေးရွာတွေကို စစ်ကြောင်းထိုးနေတဲ့ အပြင် လေကြောင်းကနေပါ ဗုံးကြဲပစ်ခတ် တိုက်ခိုက်တာတွေ ဆက်တိုက်ပြုလုပ်နေလို့ မြိုင်မြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ စစ်ရေးအခြေအနေ တင်းမာနေတာကြောင့် ဒေသခံပြည်သူတွေအနေနဲ့ သတိရှိကြဖို့ တိုက်တွန်းထားတယ်လို့လည်း တော်လှန်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။