
အပစ်ရပ်ကြောင်း ထပ်ကြေညာထားတဲ့ စစ်ကောင်စီတပ်က မနေ့ မေ ၇ ရက် ညပိုင်းမှာ ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်ထဲက ကျေးရွာတချို့ကို လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ်တွေ၊ စပါးသိုလှောင်ရုံတွေ မီးလောင်ပျက်စီးနေပြီး လူထိခိုက်မှုတွေလည်း ရှိတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
အာရက္ခတပ်တော် (AA) နဲ့ စစ်ကောင်စီတို့ ပြီးခဲ့တဲ့ရက်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ပန်းတောကြီး၊ ကျောက်စရစ်ကုန်းနဲ့ ဝါးတောကွင်းကျေးရွာတို့ကို မေလကုန်အထိ အပစ်ရပ် သက်တမ်းတိုးထားတဲ့ စစ်ကောင်စီတပ်က မေ ၆ ရက် ည ၉ နာရီခန့်က တကြိမ်နဲ့ မေ ၇ ရက် ည ၁၀ နာရီ မိနစ် ၃၀ ဝန်းကျင်မှာ တကြိမ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
ဝါးတောကွင်းကျေးရွာ ဒေသခံတယောက်က “တိုက်ပွဲမရှိဘဲ ဗုံးကြဲနေတာ။ AA တပ်တွေ ခြေကုပ်ယူထားတယ်ဆိုပြီး စစ်ကောင်စီတပ်က ဗုံးကြဲတာ။ အိမ်တွေမနည်း မီးလောင်ကုန်တာ။ စပါးထားတဲ့ အဆောက်အအုံတွေလည်း မီးလောင်ကုန်တယ်။ လူတွေပါ ထိခိုက်တာရှိတယ်။ အကုန်ထွက်ပြေးနေရတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ရဲ့ ၂ ရက်ဆက် လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဝါးတောကွင်း၊ ကျောက်စရစ်ကုန်း၊ ပန်းတောကြီး စတဲ့ကျေးရွာက ခန့်မှန်း နေအိမ်နဲ့ စပါးသိုလှောင်ရုံ အလုံး ၃၀ ထက်မနည်း ပျက်စီးသွားတယ်လို့ ဆိုပါတယ်။
လေးမျက်နှာမြို့နယ်ဒေသခံ အမျိုးသမီးတယောက်က “မီးလောင်တဲ့ အိမ်ပိုင်ရှင်တွေက စစ်ရှောင်နေတာ။ ဒဏ်ရာရရှိတဲ့ အရပ်သားတွေက ဝါးတောကွင်းဘက်ကပါ။ အစောင့်နေခဲ့တဲ့သူတွေလို့ သိရတယ်” လို့ ပြောပါတယ်။
လတ်တလောအနေနဲ့ စစ်ကောင်စီတပ်က လေးမျက်နှာမြို့နယ်ထဲက ဆီဆုံကုန်းကျေးရွာဘက်ကနေ လက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ်ခတ်နေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဂွ-ငါးသိုင်းချောင်း ဘက်မှာလည်း စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ ပစ်ခတ်နေပြီး ရေနံ့သာစစ်ဆေးရေးဂိတ်မှာ ခံစစ်ပြင်ဆင်ထားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။