Home
မြန်မာသတင်း
ရန်ကုန်တွင် စစ်ဘေးရှောင်များနေထိုင်သည့်မြို့နယ်များကို ပုံမှန်ဧည့်စာရင်းစစ်မည် 
DVB
·
May 8, 2025

ရန်ကုန်တိုင်းအတွင်း စစ်ဘေးရှောင်အများဆုံးနေထိုင်တဲ့မြို့နယ်တွေကို စစ်တပ်၊ ရဲနဲ့ အုပ်ချုပ်ရေး အဖွဲ့ပူးပေါင်းကာ ပုံမှန်ဧည့်စာရင်းစစ်သွားဖို့ စစ်ကောင်စီခန့် ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးစိုးသိန်းက ညွှန်ကြားထားပါတယ်။

တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးမှာ မေ ၆ ရက် နေ့လယ်က ပြုလုပ်တဲ့ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ ပြောဆိုခဲ့တာလို့ အုပ်ချုပ်ရေးနဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်က ပြောပါတယ်။

"စစ်ရှောင်တွေ အဝင်များတော့ ကိုယ်ရေးအချက်အလက် ကောက်ဖို့ရယ်၊ ဧည့်စာရင်းစစ်ဖို့ရယ် ထူးခြားဖြစ်စဥ် တင်ပြဖို့ရယ်၊ လုံခြုံရေးသတိရှိဖို့ရယ် ပြောတာ။ တာမွေ၊ မင်္ဂလာတောင်ညွန့်၊ စမ်းချောင်း၊ လှိုင်သာယာမြို့တွေကို သတိထားခိုင်းတယ်။”

မြို့နယ်အလိုက် ဧည့်စာရင်းစစ်ဆေးတာကို အရင်က စစ်တပ်၊ ရဲ၊ လဝက၊ မီးသတ်၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့  ပူးပေါင်းစစ်ဆေးခဲ့ပေမဲ့  စစ်မှုထမ်းဥပဒေထွက်ပြီးနောက် စစ်တပ်ရော ရဲရော မိမိသဘောနဲ့  ဧည့်စာရင်းစစ်ကြောင်း ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်တယောက်က ပြောပါတယ်။

"ပူးပေါင်းဧည့်စာရင်းစစ်တယ်ဆိုတာရှားတယ်၊ အောက်ခြေမှာ စစ်တပ်နဲ့ ရဲက မတည့်ဘူး။ စစ်တပ်က ရမှန်းသိနေတော့ ရဲနဲ့ပေါင်းပြီး ဧည့်စာရင်းမစစ်ချင်ဘူး။ ခွဲပေးရမှာစိုးလို့ စစ်တပ်က ရဲကိုမခေါ်တာ ပြဿနာမရှိပေမဲ့ ရဲနဲ့အုပ်ချုပ်ရေးပေါင်းပြီး ဧည့်စာရင်းစစ်တာသိရင် စစ်တပ်က အဲ့ဒီရပ်ကွက်ရတဲ့ ရဲလိုင်းကြေးမှန်သမျှ စစ်တပ်လိုက်တောင်းဖြစ်တာ။”

တိုင်းဒေသကြီးအစိုးရရဲ့ထုတ်ပြန်ချက်အရ ရန်ကုန်မှာ စစ်ဘေးရှောင်ဦးရေ ၅၀၀၀၀ ကျော်ရှိပြီး အဲဒီအထဲမှာ ၁၀၀၀ ကျော်က ဌာနဆိုင်ရာဝန်ထမ်းတွေ ဖြစ်တယ်လို့ သိရပါတယ်။

ရန်ကုန်တိုင်းမှာ မြို့နယ် ၄၅ မြို့နယ် မြို့ ၄၅ မြို့နဲ့ဖွဲ့စည်းထားပြီး ရပ်ကွက် ၇၄၃ ရပ်ကွက်ရှိကာ ကျေးရွာအုပ်စု ၆၂၁ အုပ်စုနဲ့ ကျေးရွာပေါင်း ၂၁၄၃ ရွာက ခရိုင် ၁၄ ခရိုင်ရဲ့ အုပ်ချုပ်မှုအောက်မှာရှိနေတာပါ။

စစ်ဘေးရှောင်
ရန်ကုန်
ဧည့်စာရင်း

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013