
တိုက်ပွဲဖြစ်နေတဲ့ ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်မှာ ဆန်ကြမ်းတပြည် ကျပ် ၈,၅၀၀ အထိ ထပ်မံဈေးထိုးတက်လာမှုကြောင့် အရပ်သားတွေ အခက်အခဲဖြစ်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
လေးမျက်နှာမြို့နယ်ထဲက တိုက်ပွဲဖြစ်နေတဲ့ ဒေသတွေမှာ ဧပြီလ တတိယအပတ်က စတင်ပြီး လက်ရှိ မေလ ပထမအပတ်အထိ ဆန်ကြမ်းတပြည် ကျပ် ၈,၅၀၀ အထိ ဈေးထိုးတက်လာကာ တိုက်ပွဲတွေ မဖြစ်ခင် မတ်လအတွင်းက ဆန်ကြမ်းတပြည် ကျပ် ၃,၀၀၀ အထိသာ ဈေးရှိခဲ့တယ်လို့ သိရပါတယ်။
လေးမျက်နှာဒေသခံ အမျိုးသမီးတယောက်က “အခု ၅,၀၀၀ အထိလောက်ကို ခုန်တက်သွားတာ၊ ဆန်ကြမ်းတပြည် ၈,၅၀၀ နဲ့ ဝယ်ရတယ်။ ဒီရက်ပိုင်းအတွင်း ထိုးတက်လာတာ။ တချို့က ဆန်ပြုတ်သောက်ရတယ်။ ဆန်ကွဲစားနေရတယ်။ တချို့က မနက်နဲ့ ည ပေါင်းစားနေရတယ်။ ဒီဈေးနဲ့တောင် လိုသလောက်မရဘူး” လို့ ပြောပါတယ်။
လေးမျက်နှာမြို့နယ်ထဲက ပန်းတောကြီးကျေးရွာနဲ့ ပတ်ဝန်းကျင်ရွာတွေမှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် (AA)၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တွေ ဧပြီလ ပထမအပတ်လောက်က တိုက်ပွဲတွေ ဖြစ်ပွားပြီးနောက် အခုလို ဆန်ဈေးထိုးတက်လာတာလို့ ဆိုပါတယ်။
လေးမျက်နှာမြို့နယ်က ဆန်ရောင်းဝယ်ရေး လုပ်ငန်းရှင်တယောက်က “ဆန်ဈေး ထပ်တက်လာတယ်၊ အခုရက်ပိုင်းတွေဆိုရင် ပိုတက်လာတယ်။ အရောင်းအဝယ် လုပ်ရတာလည်း အဆင်မပြေတော့ဘူး။ အခုပေါက်နေတဲ့ဆန်ဈေးက ရောင်းရတာလည်း မကောင်းသလို ဝယ်ရတာလည်း မကောင်းတဲ့အခြေအနေ။ စစ်ကောင်စီဘက်က ဒီဘက်ကို ဆန်တင်သွင်းခွင့်၊ ကြိတ်ခွဲရောင်းချခွင့်ကို မပေးတာ။ လက်ကျန်ဆန်တွေပဲ ရောင်းနေတာ။ လေးမျက်နှာမှာ အခုလို ဆန်ဈေးအဆမတန်တက်နေတဲ့ အခြေအနေနဲ့ ကြုံရတာ စစ်ပွဲရဲ့ အကျိုးဆက်ပေါ့” လို့ ပြောပါတယ်။
အဲဒီ တိုက်ပွဲဖြစ်နေတဲ့ လေးမျက်နှာမြို့နယ်ထဲက ဝတ်ကုန်း၊ တုံးတောအထက်စု၊ ရှားတောစု၊ ကျောင်းကွင်း၊ လဲခုံလေး၊ လဲခုံကြီး၊ ချင်းလယ်၊ စန်းကုန်း၊ ကွင်းကြီး၊ အောင်ဇံကွင်းနဲ့ ဇီးပင်ကွင်း စတဲ့ကျေးရွာတွေမှာ ဆန်ဈေးတွေ ထိုးတက်လာတာလို့ သိရပါတယ်။
တိုက်ပွဲဖြစ်နေတဲ့ လေးမျက်နှာမြို့နယ်မှာ စစ်ကောင်စီတပ်ဘက်က ကုန်စည်သယ်ခွင့် ကန့်သတ်ပိတ်ပင်ထားလို့ ဆန်ရှားပါး အခက်အခဲဖြစ်နေပေမဲ့ ဧရာဝတီတိုင်းထဲက တခြားဒေသတွေမှာ ဆန်တပြည် ကျပ် ၃,၀၀၀ ကနေ ၃,၅၀၀ အထိသာ ဈေးရှိပြီး စပါးဈေးလည်း ကျဆင်းနေတယ်လို့ ဆိုပါတယ်။
Photo: Taw Win