
ရှမ်းပြည်နယ်နဲ့ ကရင်နီပြည်နယ်စပ်က မိုးဗြဲမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတွေ တိုက်ပွဲပြင်းထန်နေပြီး တပ်ရင်း ၃ ရင်းက ရဲဘော် ၃ ယောက် ကျဆုံးခဲ့ရတယ်လို့ တပ်ရင်းတွေက မေ ၇ ရက်မှာ ထုတ်ပြန်ထားပါတယ်။
ကယန်းအမျိုးသားတပ်မတော် (KNA) ၂၁၀၃ တပ်ရင်းက ရဲဘော် ခွန်းဟင်နရီ (ခ) မိုးဒီက မေလ ၅ ရက်မှာ ကျဆုံးခဲ့ပြီး ကရင်နီလူမျိုးပေါင်းစုံ လွတ်မြောက်ရေးတပ်ဦး (ကလလတ) ၉၄၂၁ တပ်ရင်း ရဲဘော်က မေလ ၆ ရက်မှာ ကျဆုံးကာ SSNDF/KNDF ဗျူဟာအမှတ် ၉ ရဲ့ တပ်ရင်းအမှတ် ၁၀၃ က ရဲဘော် စော်ကဲဘလု ခေါ် ဖိုးကဲက မေလ ၂ ရက်နေ့မှာ ကျဆုံးခဲ့ရပါတယ်။
KNA ပြန်ကြာရေးတာဝန်ခံက “ရဲဘော်က လက်နက်ကြီးထိပြီး ကျတာပေါ့၊ ဆေးကုသခွင့်တောင် မရလိုက်ဘူး။ ညီအစ်ကို ကလလတ ဘက်ကလည်း တဦးကျသွားတယ်” လို့ ပြောပါတယ်။
SSNDF /KNDF က ရဲဘော်ရဲ့အလောင်းဟာ စစ်ကောင်စီတပ်လက်ထဲကို ရောက်ရှိသွားပြီး တိုက်ပွဲဝင်ရဲဘော်တွေက ပြန်သယ်ဖို့ ကြိုးစားချိန် စစ်ကောင်စီတပ်က ပစ်ခတ်လို့ တယောက် ထိခိုက်မိတယ်လို့ သိရပါတယ်။
SSNDF/ KNDF တပ်ဖွဲ့ဝင်တယောက်က “သူတို့က Dead Body ကို တည်ကြက်လိုမျိုးလုပ်ဖို့ အိမ်ထဲကို သယ်သွားတာ၊ Body လာသယ်တဲ့ ရဲဘော်တွေကို ပစ်တာမျိုးပေါ့” လို့ ပြောပါတယ်။
ခုလက်ရှိအချိန်မှာ မိုးဗြဲတဝိုက် ထိတွေ့တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်ကောင်စီတပ်က လက်နက်ကြီး၊ ဒရုန်း၊ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေမှာ အဆိပ်ငွေ့ပါတဲ့ ဗုံးတွေကို အသုံးပြု တိုက်ခိုက်နေတယ်လို့ KNDF က မေ ၆ ရက်မှာ ထုတ်ပြန်ထားပါတယ်။