
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မြောက်ပိုင်းနဲ့ တောင်ပိုင်းက ကျေးရွာတွေမှာ စက်သုံးဆီဈေးတွေ မြင့်တက်နေတယ်လို့ ကလေးမြို့နယ် ဒေသခံတွေက ပြောပါတယ်။
အရင်က အောက်တိန်း 92 ဓာတ်ဆီ တဂါလံကို ၃၀,၀၀၀ ဝန်းကျင် ရှိရာကနေ လက်ရှိမှာတော့ တဂါလံကို ၃၅,၀၀၀ ဝန်းကျင်အထိ မြင့်တက်နေပြီး တချို့ကျေးရွာတွေမှာ ဝယ်ယူဖို့ အခက်အခဲတွေ ရှိနေတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီက ဧပြီ ၂၅ ရက်မှာ ကလေးမြို့နယ်က ကျေးရွာတွေကို ဆက်သွယ်ရေးလမ်း ပိတ်ပြီးတဲ့နောက် ဓာတ်ဆီဈေးတွေ မြင့်တက်လာတာလို့ ဆိုပါတယ်။
ကလေးမြို့နယ်၊ အရှေ့စည်းရွာ ဒေသခံတယောက်က “စစ်တပ်က မြို့နယ်က ကျေးရွာတွေ လမ်းပိတ်ထားတော့ မြို့ပေါ်ကနေ ဝယ်ယူရောင်းချရတဲ့ ဓာတ်ဆီက သယ်ယူတဲ့နေရာမှာ အခက်အခဲတွေရှိသွားပြီး လမ်းကြောပိတ်တာတွေ ရှိတဲ့အတွက် ဓာတ်ဆီဈေးတွေ မြင့်တက်နေတာ” လို့ ပြောပါတယ်။
စက်သုံးဆီဈေးနှုန်းတွေ မြင့်တက်ပြီး ဝယ်ယူရခက်ခဲနေတဲ့အတွက် ဒေသခံ ရွာသူရွာသားတွေဟာ သွားလာရေးပိုင်းမှာ အခက်အခဲတွေလည်း ရှိနေပါတယ်။
ဒါ့အပြင် စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို ကွင်းပြီး မြို့ထဲကို ကူးသန်းသွားလာလို့ရတဲ့ လမ်းတချို့ကိုလည်း စစ်ကောင်စီက မြေတူးစက်တွေနဲ့တူးပြီး လမ်းကို ဖျက်ဆီးထားတာကြောင့် မြို့ထဲကဝင်တဲ့ ကုန်ပစ္စည်းတွေလည်း ရှားပါးနေတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီက ဒေသကာကွယ်ရေးတပ် ထိန်းချုပ်နယ်မြေတွေကို ကုန်စည်ဖြတ်တောက်ချင်တာ ဖြစ်နိုင်တယ်ဆိုပြီး ဒေသခံတွေကြား ပြောဆိုမှုတွေ ရှိနေပေမဲ့ မြို့အဝင်အထွက်လမ်းတွေကို ပိတ်ထားတဲ့ အခြေအနေနဲ့ပတ်သက်ပြီး စစ်ကောင်စီကတော့ တစုံတရာ ပြောဆိုထားတာ မတွေ့ရသေးပါဘူး။