Home
မြန်မာသတင်း
မင်းပြားတွင် ၉ နှစ်အရွယ် မိန်းကလေးငယ် ၁ ဦး အဓမ္မပြုကျင့် သတ်ဖြတ်ခံရ
DVB
·
May 8, 2025

ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ဖားပြိုကျေးရွာက အသက် ၉ နှစ်အရွယ် မိန်းကလေးငယ်တယောက်အား တရွာတည်းနေ အမျိုးသားတယောက်က အဓမ္မပြုကျင့်ပြီး သတ်ဖြတ်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အသက် ၉ နှစ်အရွယ် မိန်းကလေးငယ်အား မေ ၆ ရက်က ရွာပြင်တနေရာမှာ အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့တာဖြစ်ပြီး ကျူးလွန်ခဲ့တဲ့ ရုပ်အလောင်းကိုလည်း သစ်ပင်မှာ ကြိုးကွင်းစွပ် တွဲလောင်းထားခဲ့တယ်လို့ မင်းပြားဒေသခံအမျိုးသားတယောက်က ပြောပါတယ်။

“မိန်းကလေးငယ်က ငယ်ငယ်လေးပဲရှိသေးတယ်။ အဓမ္မပြုကျင့် သတ်ဖြတ်ပြီးတော့ သူရဲ့ ရုပ်အလောင်းကိုလည်း ကြိုးဆွဲချထားခဲ့တာ။ လက်ရှိမှာတော့ တရွာတည်းနေ အမျိုးသားတဦးကို သံသယတရားခံအဖြစ် AA က ဖမ်းဆီးစစ်ဆေးနေတာရှိတယ်။”

အဓမ္မပြုကျင့်မှု၊ လူသတ်မှုတို့နဲ့ သံသယတရားခံအဖြစ် ဖားပြိုကျေးရွာနေ ကိုမောင်မြသန်း (၃၀ နှစ်) ကို အာရက္ခတပ်တော် (AA) က ဖမ်းဆီးစစ်ဆေးနေတယ်လို့ သိရပါတယ်။

အဓမ္မပြုကျင့်ခံရသူ မိန်းကလေးငယ်ရဲ့ မျက်နှာတွေမှာလည်း ထိုးကြိတ်ခံထားရတဲ့ ဒဏ်ရာတွေ ပါရှိပြီး ကျူးလွန်သူကို ထိုက်တန်တဲ့ အပြစ်ပေးအရေးယူမှုတွေ ပြုလုပ်နိုင်ဖို့ ဒေသခံတွေနဲ့ အမျိုးသမီးအရေးလှုပ်ရှားသူတွေက တောင်းဆိုနေကြပါတယ်။

“သက်ငယ်မဒိန်းမှုဆိုတာက ဘယ်နိုင်ငံ၊ ဘယ်လူ့အသိုက်အဝန်းမှာမှ လက်မခံဘူး။  ကလေးငယ်တဦးကို အဓမ္မပြုကျင့်ပြီး သတ်ဖြတ်လိုက်တာက ဘယ်လိုမှ လက်ခံနိုင်စရာမရှိဘူး။ ကျမတို့ကတော့ ဒီအမှုကို ထိထိရောက်ရောက် အရေးယူဆောင်ရွက်စေချင်တယ်” လို့ မင်းပြားမြို့နယ် အမျိုးသမီးအရေးတက်ကြွလှုပ်ရှားသူ အမျိုးသမီးတယောက်က ပြောပါတယ်။

အာရက္ခတပ်တော်က ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ လိင်ပညာအသိပေးမှုတွေနဲ့ တရားဥပဒေ တင်းကျပ်မှုတွေ ပြုလုပ်ပေးဖို့ကိုလည်း အမျိုးသမီးအရေးလှုပ်ရှားသူတွေက လိုလားနေကြပါတယ်။

ရခိုင်ပြည်နယ်မှာ အာရက္ခတပ်တော်က မြို့နယ် ၁၄ ခုနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့ကို သိမ်းပိုက်ထိန်းချုပ်ထားပြီး အဲဒီမြို့နယ်တွေမှာ အုပ်ချုပ်ရေးယန္တရားတွေကို ဖော်ဆောင်နေတာဖြစ်ပါတယ်။

မင်းပြား
မိန်းကလေးငယ်
အဓမ္မပြုကျင့်
သတ်ဖြတ်ခံရ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013