
စစ်ကိုင်းငလျင်ကြီးလှုပ်ခတ်ခဲ့တဲ့ မတ် ၂၈ ရက်ကနေ မေလ ၆ ရက်အထိ စစ်ကောင်စီဟာ နိုင်ငံတဝန်းမှာ လေကြောင်းနဲ့ လက်နက်ကြီး တိုက်ခိုက်မှုအကြိမ်ရေ ၄၉၁ ကြိမ် ပြုလုပ်ခဲ့ကြောင်း DVB Data အဖွဲ့က စုစည်းထားတဲ့ အချက်အလက်တွေအရ သိရပါတယ်။
အဲဒီပမာဏထဲက အကြိမ် ၃၆၀ ကျော်ဟာ သူတို့ကိုယ်တိုင် အပစ်ရပ်ကြောင်း ကြေညာထားတဲ့ ကာလအတွင်း လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ ဒီကနေ့မှာလည်း စစ်ကောင်စီက မေလကုန်အထိ ယာယီအပစ်ရပ်မယ်လို့ ဆိုပြန်ပါတယ်။
ငလျင်လှုပ်ပြီးနောက်ပိုင်း စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီး တိုက်ခိုက်မှုတွေကြောင့် အပြစ်မဲ့ပြည်သူနဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင် ၃၄၂ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ DVB ရဲ့ အချက်အလက်တွေအရ သိရပါတယ်။
စစ်ကောင်စီကတော့ ငလျင်ဘေးသင့်ဒေသတွေမှာ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ဖို့ မေ ၆ ရက်ကနေ ၃၁ ရက်အထိ ကာလကို ယာယီ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးကာလအဖြစ် သက်တမ်းတိုးလိုက်တဲ့အကြောင်း ထုတ်ပြန်ပါတယ်။ ခုအသစ်ထပ်မံတိုးမြှင့်လိုက်တဲ့ ယာယီပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ကာလအတွင်းမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊ တခြားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ တိုက်ခိုက်လာခဲ့ရင်တော့ လိုအပ်တဲ့ အရေးယူတုံ့ပြန်မှုတွေ ဆောင်ရွက်သွားမယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
စစ်ကောင်စီအနေနဲ့ ပြီးခဲ့တဲ့ ဧပြီ ၂ ရက်ကနေ ၃၀ ရက်နေ့အထိ ယာယီ အပစ်အခတ်ရပ်စဲကြောင်း ၂ ကြိမ် ကြေညာခဲ့ပြီး ခုတခါမှာတော့ တတိယအကြိမ်မြောက် ကြေညာခဲ့တာပါ။
မြန်မာနိုင်ငံမှာတော့ ပြီးခဲ့တဲ့ မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ ရစ်ချ်တာစကေး ၇ ဒသမ ၇ ရှိတဲ့ အင်အားပြင်းငလျင်ကြောင့် လူပေါင်း ၄,၀၀၀ ကျော် သေဆုံးပြီး ပြည်သူလူထုတွေရဲ့ အိုးအိမ်တိုက်တာတွေ အများအပြား ပြိုကျပျက်စီးခဲ့သလို ငလျင်လှုပ်ပြီး ၁ လကြာတဲ့အထိ ငလျင်ဘေးသင့်ပြည်သူတွေဟာ အကူအညီတွေမရဘဲ အခက်အခဲပေါင်းစုံနဲ့ ကြုံတွေ့ ရင်ဆိုင်နေကြရပါတယ်။
စစ်ကောင်စီက ငလျင်ဘေးကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ဖို့အတွက်ဆိုပြီး ယာယီ အပစ်ရပ်မယ်လို့ ကြေညာထားခဲ့ပေမဲ့ လေကြောင်းတိုက်ခိုက်မှုတွေကိုတော့ အဆက်မပြတ် ကျူးလွန်နေတာကို တွေ့ရပါတယ်။
ကုလသမဂ္ဂက နောက်ဆုံးထုတ်ပြန်ချက်မှာတော့ အင်အားပြင်း ငလျင်လှုပ်ခတ်ခဲ့အပြီး မြန်မာနိုင်ငံမှာ စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှု ၁၇၁ ကြိမ်အပါအဝင် အနည်းဆုံး တိုက်ခိုက်မှု ၂၄၃ ကြိမ် ပြုလုပ်ခဲ့တာကြောင့် အရပ်သား ၂၀၀ ကျော် သေဆုံးခဲ့တဲ့အကြောင်း ဖော်ပြပါတယ်။
တိုက်ခိုက်မှု အများစုကတော့ ငလျင်ဘေးသင့် ကယ်ဆယ်ရေး လုပ်ငန်းတွေ ဆောင်ရွက်ဖို့ အကြောင်းပြချက်နဲ့ အပစ်ရပ်မယ်လို့ ကြေညာခဲ့တဲ့ ဧပြီ ၂ ရက်နေ့ နောက်ပိုင်းမှာ ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။
ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗော်လ်ကာတာ့ခ်ကတော့ မြန်မာနိုင်ငံက အဆုံးမရှိတဲ့ အကြမ်းဖက်မှုတွေအကြောင်း မှတ်ချက်ပြုရာမှာ ကမ္ဘာတဝန်းက အကျပ်အတည်းတွေ အများကြီးကြားက မြန်မာပြည်သူတွေရဲ့ သည်းမခံနိုင်တဲ့ ဒုက္ခတွေ ကို မေ့ထားလို့ မရဘူးလို့ ဆိုပါတယ်။
အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ မလေးရှားနိုင်ငံကတော့ မြန်မာစစ်အုပ်စုနဲ့ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) တို့ကို ငလျင်ဘေးအန္တရာယ် ကျရောက်ပြီးနောက် ကြေညာထားတဲ့ အပစ်အခတ်ရပ်စဲရေးကို ဆက်လက် ထိန်းသိမ်းတိုးချဲ့ဖို့ တိုက်တွန်း တောင်းဆိုထားပါတယ်။