
ဝါရင့်နိုင်ငံရေးသမားလည်းဖြစ် ကဗျာဆရာ ၊ စာရေးဆရာ တဦးလည်းဖြစ်တဲ့ ဦးဦးလှစော ကွယ်လွန်မှုဟာ ရခိုင်ပြည်သူတွေနဲ့ နိုင်ငံအတွက် ဆုံးရှုံးမှုတခုဖြစ်တယ်လို့ နိုင်ငံရေး အသိုက်အဝန်းက ပြောပါတယ်။
ရခိုင်ဝါရင့်နိုင်ငံရေးသမားဖြစ်သလို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)/အာရက္ခတပ်တော်(AA)ရဲ့ နိုင်ငံရေးမှူးဖြစ်တဲ့ ဦးဦးလှစောဟာ မေ ၅ ရက် ညပိုင်း ၁၁ နာရီ ကျော်လောက်က လည်ချောင်းကင်ဆာနဲ့ ကွယ်လွန်သွားခဲ့တာပါ။
ဦးဦးလှစော ကွယ်လွန်ချိန်မှာ အသက် ၇၂ နှစ်ရှိပြီဖြစ်ပြီး လည်ချောင်းကင်ဆာနဲ့ ဆေးရုံမှာဆေးကုသမှု ခံယူနေတုန်း ကွယ်လွန်သွားခဲ့တာပါ။
ဦးဦးလှစောကွယ်လွန်သွားမှုအပေါ် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်ဟောင်းတယောက် ဖြစ်တဲ့ ဦးမြအေးက “၇၄ မျိုးဆက်နိုင်ငံရေးသမား ဦးဦးလှစော ကွယ်လွန် အနိစ္စရောက်သွားသည့်အတွက် အလွန်ဝမ်းနည်း စိတ်မကောင်းဖြစ်ရပါသည်။ ရခိုင်တမျိုးသားလုံး အတွက် နှမြောတသရသောဆုံးရှုံးမှုတစ်ခုဟု မြင်မိပါသည်၊ ပြည်ထောင်စုတစ်ခုလုံးအတွက် လည်း အမြော်အမြင်ကြီးသည့် နိုင်ငံရေးသမား ခေါင်းဆောင်ကောင်း တစ်ယောက်ကို ဆုံးရှုံးလိုက်ရခြင်းဖြစ်ပါသည်” လို့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။
ဦးဦးလှစောကွယ်လွန်သွားတာဟာ ရခိုင်ပြည်သူလူထုအတွက်သာမက မြန်မာ တနိုင်ငံလုံးအတွက်ပါ ကြီးမားတဲ့ ဆုံးရှုံးမှုဖြစ်တယ်လို့ စာရေးဆရာတဦးလည်းဖြစ်သလို လူမှုရေး တက်ကြွလှုပ်ရှားသူလည်း ဖြစ်တဲ့ ဆရာဝေဟင်အောင်က ပြောပါတယ်။
“ဆရာကွယ်လွန်သွားတာက ရခိုင်တမျိုးသားလုံးတင်မက မြန်မာတနိုင်ငံလုံးအတွက်ပါ ဆုံးရှုံးမှု ကြီးမားတယ်လို့ ပြောလို့ရပါတယ်။ မြန်မာနိုင်ငံအပြောင်းအလဲ ဒီမိုကရေစီရရှိရေး၊ ဖယ်ဒရယ်နိုင်ငံပေါ်ထွန်းရေးအတွက် တစိုက်မတ်မတ်ဆောင်ရွက်ခဲ့တာတွေ အများကြီးတွေ့ရပါတယ်။ ဆရာရဲ့ နောက်ဆုံးနေဝင်ချိန်ဟာဆိုရင် ULA / AA ရဲ့ ရက္ခိတလမ်းစဉ်ပေါ်မှာ ဖက်တွယ်ပြီးတော့ ULA / AA ရဲ့ အလံအောက်မှာ တာဝန်ထမ်းဆောင်ပြီး ရခိုင်အမျိုးသား ပြုပြင်ပြောင်းလဲရေးအတွက် နောက်ဆုံး ဆောင်ရွက်ခဲ့တယ်။ နိုင်ငံရေးကို လုပ်ခဲ့တဲ့အပြင် လူထုအတွက် စာပေနဲ့ တက်လှမ်းခဲ့တဲ့အပိုင်းတွေလည်း အများကြီးရှိပါတယ်။”
ဦးဦးလှစောဟာ ကျောင်းသားဘဝကတည်းက နိုင်ငံရေးလှုပ်ရှားမှုတွေ၊ ကျောင်းသားအရေး လှုပ်ရှားမှုတွေမှာ ထဲထဲဝင်ဝင်ပါဝင်ခဲ့တာကြောင့် ၁၉၇၀ နှောင်းပိုင်းကာလတွေမှာ ထောင်ဒဏ် နှစ် ၂၀ ကျော် ချမှတ်ခံခဲ့ရပါတယ်။
၁၉၉၀ ပြည့်နှစ်တွေမှာ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD) မှာ တာဝန်ထမ်းဆောင်ရင်း တရားမဝင် ပါတီအဖြစ်စစ်အစိုးရက ကြေညာခဲ့တာကြောင့် ပါတီဖျက်သိမ်းခဲ့ရပါတယ်။
အဲဒီနောက်ပိုင်း ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲကာလမှာ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ (RNDP) မှာ အထွေထွေအတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး RNDP နဲ့ ALD ပါတီတို့ကို ၂၀၁၃ ခုနှစ်မှာ ရခိုင်အမျိုးသားပါတီ (ANP) ပါတီအဖြစ် ပြောင်းလဲဖွဲ့စည်းရာမှာ ဦးဆောင်ပါဝင်ခဲ့သူတယောက် ဖြစ်ပါတယ်။
အဲဒီနောက် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ ANP ပါတီ ကိုယ်စားပြုပြီး မြောက်ဦးမြို့နယ် ၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံခဲ့ရပြီး ထင်ရှားတဲ့ ရခိုင်နိုင်ငံရေးသမား တယောက် လည်း ဖြစ်ပါတယ်။
လူမှုရေးတက်ကြွလှုပ်ရှားသူ ဦးခိုင်ကောင်းစံက “RIT ကျောင်းသားဘဝ ကတည်းက စစ်အာဏာရှင်ပြုတ်ကျရေး၊ ဒီမိုကရေစီအရေးအတွက် တိုက်ပွဲဝင်ခဲ့တဲ့ ပုဂ္ဂိုလ်တဦးပါ၊ မြောက်ဦးမြို့နယ် မဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တယောက်ဖြစ်တယ်။ ဒါပေမဲ့ သူဟာ နိုင်ငံရေးကိုအကြောင်းပြုပြီးတော့ သူ့မိသားစု၊ သူ့အကျိုးစီးပွား ဘယ်တော့မှ မလုပ်ခဲ့တဲ့ တကယ့်လူငယ်တွေအတွက် စံပြုရတဲ့ ပုဂ္ဂိုလ်တယောက်ဖြစ်ပါတယ်။ ဒီဆရာရဲ့ ဆုံးရှုံး မှုဆိုရင်တော့ ရခိုင်တမျိုးသားလုံးသာမက မြန်မာနိုင်ငံရဲ့ ဖယ်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်ထူထောင်ရေးအခန်းကဏ္ဍတွေအတွက်ပါ ဆုံးရှုံးနစ်နာတယ်လို့ ခံယူပါတယ်”လို့ ပြောပါတယ်။
ဒါ့အပြင် ၂၀၂၁ ခုနှစ် စစ်တပ် အာဏာသိမ်းချိန်နောက်ပိုင်း ကာလတွေမှာ ULA/ AA ရဲ့ ဗဟိုနိုင်ငံရေးမှူး အဖြစ်သူ ကွယ်လွန်ချိန်ထိ တာဝန်ထမ်းဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။
ဦးဦးလှစော ကွယ်လွန်သွားတဲ့အပေါ် ပြည်သူ့လွှတ်တော်အမတ်ဟောင်း ဦးဖေသန်းက “ကျောင်းသားဘဝကနေ နောက်ဆုံးဘဝသက်တမ်းကုန်ဆုံးတဲ့အချိန်ထိ စစ်မှန်တဲ့ နိုင်ငံရေးသမား တယောက်အဖြစ် ရပ်တည်သွားခဲ့တဲ့ဆရာ့ကို အထူးလေးစားဂုဏ်ယူပါတယ်ဆရာ။ ဆရာ့ရဲ့သမိုင်းက ကျနော်တို့ရဲ့ ရင်ထဲမှာဘယ်တော့မှ မမေ့မပျောက် စွဲထင်ကျန်ရစ်မှာဖြစ်ပါတယ်” လို့ ရေးသားထားပါတယ်။
ဦးဦးလှစောဟာ နိုင်ငံရေးနဲ့ တော်လှန်ရေးအသိုက်အဝန်းမှာ လူငယ်တွေ အတုယူစရာစံပြ ခေါင်းဆောင်ကောင်းတဦးဖြစ်တယ်လို့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (ALD) ပြောရေးဆိုခွင့်ရှိသူ ဦးမျိုးကျော်က ပြောပါတယ်။
“ကျနော်တို့ ကိုယ်တိုင် ငယ်ဘဝမှာ အားကျခဲ့တဲ့ ခေါင်းဆောင်တယောက်ဖြစ်တယ်။ ငယ်စဉ် ကျောင်းသားဘဝကနေပြီးတော့ ကွယ်လွန်ချိန်ထိ တဘဝလုံးကို မြန်မာနိုင်ငံအရေး၊ ဒီမိုကရေစီအရေး၊ ရခိုင်အမျိုးသားတွေရဲ့ နိုင်ငံရေးရပိုင်ခွင့်တွေအတွက် တသက်လုံး တိုက်ပွဲဝင်သွားတဲ့ ခေါင်းဆောင်တယောက်လို့ ပြောချင်ပါတယ်။ နိုင်ငံရေးထဲမှာ ပါပြီးတော့ ပါတီတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေဖြစ်ပေမဲ့ ကိုယ်ကျိုးမကြည့်ဘဲ သူ့လူမျိုး၊ သူ့ပြည်အကျိုးအတွက် ရဲရဲတောက်ပြီးတော့ လွှတ်တော်ထဲမှာပဲဖြစ်ဖြစ်၊ တခြားနိုင်ငံရေး အသိုက်အဝန်းမှာပဲ ဖြစ်ဖြစ် မားမားမတ်မတ်ရပ်တည်ခဲ့တယ်။ ကျနော်တို့ အနာဂတ်ရခိုင်ပြည်အတွက် နိုင်ငံရေးနယ်ပယ်မှာပဲဖြစ်ဖြစ်၊ တော်လှန်ရေးနယ်ပယ်မှာပဲ ဖြစ်ဖြစ် အတုယူအားကျစရာဖြစ်ပါတယ်။”
ဦးဦးလှစော ကွယ်လွန်ဆုံးပါးတဲ့အပေါ် ကြေကွဲဝမ်းနည်းကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) က ဝမ်းနည်းကြောင်း သဝဏ်လွှာ ထုတ်ပြန်သလို တိုင်းရင်းသားလူမျိုးစု လက်နက်ကိုင်တွေနဲ့ နိုင်ငံရေးအသိုက်အဝန်းကြားမှာလည်း တိုင်းပြည်အတွက် ဆုံးရှံးမှုတခုဖြစ်တယ်လို့ ရေးသားမျှဝေ နေကြပါတယ်။
ဦးဦးလှစောကို ၁၉၅၃ ခုနှစ် ၊ မေလ ၂၇ ရက်နေ့မှာ မွေးဖွားခဲ့ပြီး မောင်ခိုင်အောင်(စစ်တွေ) ကလောင်အမည်နဲ့ ကဗျာတွေ၊ အက်ဆေးတွေ၊ သီချင်းတွေကိုလည်း ရေးသားခဲ့သူတယောက် ဖြစ်ပါတယ်။
ကေခိုင်