
ပြီးခဲ့တဲ့ ၂၀၂၁ ခု ဖေဖော်ဝါရီ ၁ ရက် စစ်တပ်က အာဏာသိမ်းပြီးချိန်ကစပြီး ၂၀၂၅ ခု၊ မေ ၆ ရက်အထိ အကြမ်းဖက်စစ်အုပ်စုနဲ့ လက်ပါးစေတွေကြောင့် နွေဦးတော်လှန်ရေးကာလအတွင်းမှာ ဒီမိုကရေစီရေး လှုပ်ရှားသူတွေနဲ့ ပြည်သူစုစုပေါင်း ၆၆၁၅ ဦး သေဆုံးခဲ့ရပြီးပြီလို့ နိုင်ငံရေးအ ကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က မေ ၆ ရက်မှာ ထုတ်ပြန်ပါတယ်။
ဒါ့အပြင် စစ်တပ်က မတရားအာဏာသိမ်းမှုနဲ့ ဆက်စပ်ပြီး ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း ၂၉၁၁၆ ဦးရှိပြီး အဲဒီအထဲက ၂၂၁၉၉ ဦးဟာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူတွေအထဲက ၁၀၇၉၂ ဦး ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။
အလားတူ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်ကနေ မေ ၆ ရက်အထိ နိုင်ငံတဝန်းမှာ အကြမ်းဖက်စစ်အုပ်စုရဲ့ ဖမ်းဆီးပြီးနောက် သတ်ဖြတ်ခံရသူ အမျိုးသမီး ၁၅ ဦးနဲ့ အမျိုးသား ၅၆ ဦး စုစုပေါင်း ၇၁ ဦးရှိခဲ့ပြီး အဲဒီအထဲမှာ အသက် ၁၈ နှစ်အောက် ကလေး ၁ ဦး ပါဝင်ပါတယ်။
အဲဒီသေဆုံးမှုတွေထဲက မကွေးတိုင်းက ၂၉ ဦးနဲ့ အများဆုံးဖြစ်ပြီး စစ်ကိုင်းတိုင်းမှာ ၁၆ ဦးနဲ့ ဒုတိယအများဆုံး သေဆုံးခဲ့ပါတယ်။ ဒီကိန်းဂဏန်းအရေအတွက်ဟာ AAPP က လက်လှမ်းမီသမျှ ကောက်ယူရရှိထားတဲ့ အရေအတွက်ဖြစ်ပြီး မြေပြင်မှာ ဖြစ်ပွားနေတဲ့ အချက်အလက်တွေဟာ အခုထက် ပိုမိုများပြားနိုင်ပါတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။