
စစ်ခေါင်းဆောင်က ရုရှားနိုင်ငံ နှစ် ၈၀ ပြည့်အောင်ပွဲနေ့တက်ဖို့ မေ ၇ ရက် ဒီနေ့မနက် ၇ နာရီခွဲမှာ နေပြည်တော်လေဆိပ်ကနေ မော်စကိုမြို့ကို ထွက်ခွာခဲ့ရာ ဇနီးဖြစ်သူနဲ့အတူ အရပ်ဘက် ကောင်စီဝင် ၃ ယောက်နဲ့ ဗိုလ်ချုပ်ကြီး ၃ ယောက်ကိုပါ ခေါ်သွားပါတယ်။
အရပ်ဘက်က စစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ၊ ဒေါက်တာဘဆွေ၊ ခွန်စံလွင်တို့နဲ့ အတူ စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ) ချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီးကျော်စွာလင်းနဲ့ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးမောင်မောင်အေးတို့ကို ခေါ်သွားခဲ့ တာပါ။
ဗိုလ်ချုပ်ကြီး ၃ ယောက်ကို ခေါ်သွားတဲ့အပေါ်မှာ စစ်တပ်ဘက်က အရာရှိတယောက်က “နိုင်ငံတကာက ခေါင်းဆောင်တွေ တက်မယ့်ပွဲဆိုတော့ ဗိုလ်ချုပ်ကြီးကျော်စွာလင်းနဲ့ ရဲဝင်းဦးကို ပွဲထုတ်တာ ဖြစ်နိုင်သလို စစ်လက်နက် ပစ္စည်းဝယ်မယ့်ကိစ္စလည်း ပါနိုင်တယ်” လို့ ပြောပါတယ်။
မေ ၉ ရက်မှာ မော်စကိုမြို့ ရင်ပြင်နီချီတက်ပွဲကို တရုတ်နိုင်ငံ အပါအဝင် နိုင်ငံပေါင်း ၂၀ က ခေါင်းဆောင်တွေ တက်မှာဖြစ်လို့ နိုင်ငံတကာဆက်ဆံရေးအတွက် ခေါ်သွားတာ ဖြစ်နိုင်တယ်လို့လည်း ပြောပါတယ်။
ဒီခရီးစဥ်နဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က ရုရှား-မြန်မာ နှစ်နိုင်ငံ စီးပွားရေးပိုမိုခိုင်မြဲရေးအတွက် ပြောပေမဲ့ နိုင်ငံရေးအရ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့တွေ့ဆုံဖို့ အတွက်လည်း ဖြစ်တယ်လို့ စစ်ရေးလေ့လာသုံးသပ်သူတယောက်က ပြောပါတယ်။
“မင်းအောင်လှိုင်က ရုရှားသမ္မတပူတင်ထက် တရုတ်သမ္မတရှီကျင့်ဖျင်နဲ့ တွေ့ချင်တာ။ တွေ့ဖို့ လည်း ကြိုးစားလိမ့်မယ်။ လက်လွှတ်ထားခဲ့ရတဲ့မြို့တွေကို တရုတ်အကူအညီနဲ့ ပြန်လိုချင်တဲ့ သဘောရှိတယ်။ ရုရှားသမ္မတပူတင်က ကူညီချင်လားတော့မသိဘူး။ ဒါတောင် ရှီကျင့်ဖျင်က မင်းအောင်လှိုင်ကို တွေ့ချင်ဦးမှ၊ ထင်သလောက်မလွယ်ဘူး။”
အခုခရီးစဉ်ဟာ ဖမ်းဝရမ်း ထုတ်ပြီးနောက်ပိုင်း စစ်ခေါင်းဆောင် ရုရှားနိုင်ငံကို သွားရောက်တဲ့ ဒုတိယမြောက်ခရီးစဉ်လည်း ဖြစ်ပါတယ်။