
စစ်အာဏာရှင်ဟောင်း အငြိမ်းစား ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့သမက် ဒေါက်တာနေစိုးမောင်အား မန္တလေး အိုးဘိုအကျဥ်းထောင်ကနေ အင်းစိန်အကျဥ်းထောင်ကို ပြောင်းရွှေ့လိုက်တယ်လို့ အကျဥ်းဦးစီးဌာနနဲ့နီးစပ်သူတွေဆီက သိရပါတယ်။
ပုဒ်မ ၅၀၅ (က) နဲ့ ထောင်ဒဏ် ၃ နှစ် ကျနေတဲ့ ဒေါက်တာနေစိုးမောင်ကို လက်ကျန်အမှုတွေ စစ်ဆေးမယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဧပြီ ၃၀ ရက်က အင်းစိန်အကျဥ်းထောင်ကို ပြောင်းရွှေ့ခဲ့တာလို့ အကျဥ်းဦးစီးနဲ့နီးစပ်တဲ့ သတင်းအရင်းအမြစ်က ပြောပါတယ်။
“အိုးဘိုထောင်က ပြောင်းတော့ ပုဒ်မ ၁၂၄ (က) နဲ့ ပုဒ်မ ၃၃ ကို စစ်မယ်ဆိုပြီး အင်းစိန်ထောင်ကို ရွှေ့တာ၊ လက်ကျန်အမှုစစ်မယ် မစစ်မယ် ဆိုတာတော့ မသိဘူး”လို့ ပြောပါတယ်။
ရန်ကုန်၊ မရမ်းကုန်းမြို့နယ်မှာ နေထိုင်တဲ့ ဒေါက်တာနေစိုးမောင်ကို စစ်ကောင်စီက ပြည်ကြီးတံခွန်မြို့နယ်မှာ ၂၀၂၄ ခုနှစ် အောက်တိုဘာ ၂၃ ရက်က ဖမ်းဆီးပြီး အဲဒီမြို့နယ်ရဲစခန်းမှာ ပုဒ်မ ၅၂(က)၊ ၁၂၄-က၊ ပုဒ်မ ၅၀၅(က)၊ပုဒ်မ ၃၃(က) တို့နဲ့ ကနဦး အမှုဖွင့်ခဲ့ပေမဲ့ ပုဒ်မ ၅၀၅(က) နဲ့ အမိန့်ချခဲ့တာပါ။
မင်္ဂလာဒုံဆေးရုံအုပ်ကြီးနဲ့ အငြိမ်းစား ဗိုလ်မှူးကြီး ဒေါက်တာနေစိုးမောင် ရဲ့ ဖခင်က ဗိုလ်မှူးချုပ်ဟောင်း တင်စိန်ဖြစ်ပြီး ယောက္ခမဖြစ်သူကတော့ စစ်အာဏာရှင်ဟောင်း ကာကွယ်ရေးဦးစီးချုပ်(ငြိမ်း) ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဖြစ်ပါတယ်။
ဒီနှစ် ဧပြီ ၃၀ ရက်က စစ်တပ်ကို ဝေဖန်ခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်ဟောင်း အငြိမ်းစားဒုဗိုလ်မှူးကြီးကျော်ဇေယျကို စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ) က ဖမ်းဆီးပြီး စစ်ကြောရေးမှာ စစ်ဆေးနေတဲ့ ဖြစ်စဥ်လည်းရှိတယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတယောက်က ပြောပါတယ်။
“စစ်တပ်ရဲ့သဘောက အထဲမှာနေနေ အပြင်ပဲရောက်ရောက် စစ်တပ်ကို ဝေဖန်တာ မကြိုက်ဘူး။ ဦးရဲထွဋ်တို့၊ ဦးကျော်ဇေယျတို့က မျက်မြင်ပဲ မရဘူး။ ဝေဖန်တာနဲ့ ဖမ်းဆိုပြီး အမိန့်ထုတ်ထားတာ” လို့ ပြောပါတယ်။
၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၈ ရက်က လူမှုကွန်ရက်ပေါ်မှာ စစ်တပ်ကို ဝေဖန်ရေးသားခဲ့တဲ့ ပြန်ကြားရေးဒုဝန်ကြီးဟောင်း အငြိမ်းစားဒုဗိုလ်မှူးကြီးရဲထွဋ်ကို ဖမ်းဆီးပြီး ပုဒ်မ ၅၀၅(က)၊ ပုဒ်မ ၁၂၄(ဃ) နဲ့ ထောင် ၁၀ နှစ် ချမှတ်ခဲ့ပါတယ်။