
ဗြိတိန်နဲ့ အိန္ဒိယတို့ဟာ ၃ နှစ်ကြာ ဆွေးနွေးမှုပြုလုပ်ပြီးနောက် ကုန်သွယ်မှု သဘောတူညီခဲ့ကြပါတယ်။
ဒီလို သဘောတူညီမှုရခဲ့တာကြောင့် ဗြိတိန်က တင်ပို့တဲ့ ဝီစကီ၊ ကားနဲ့ အခြားထုတ်ကုန်တွေ အိန္ဒိယကို ပို့နိုင်မှာဖြစ်သလို အိန္ဒိယရဲ့ အဝတ်အထည်နဲ့ ဖိနပ်တွေလည်း အခွန်လျှော့ပြီး အပြန်အလှန် ပေးပို့ခွင့်ရမှာ ဖြစ်ပါတယ်။
ဒီသဘောတူညီချက်ဟာ သမိုင်းမှတ်တိုင်တစ်ခုဖြစ်ကြောင်း ဗြိတိန်အစိုးရက ပြောကြားခဲ့ပါတယ်။ သဘောတူညီချက်ထဲမှာ ဗြိတိန်မှာ ပညာသင်နေတဲ့ အိန္ဒိယကျောင်းသားတွေ ပါဝင်ပေမဲ့ လူဝင်မှုကြီးကြပ်ရေးနဲ့ပတ်သက်ပြီး ပြောင်းလဲတာမျိုးတော့ မရှိပါဘူး။
ဗြိတိန်ဝန်ကြီးချုပ် စတာမာက ဒီသဘောတူညီချက်က ဗြိတိန်လူမျိုးတွေနဲ့ စီးပွားရေးအတွက် မြင့်တက်ခြင်း ဖြစ်ကြောင်း ပြောဆိုထားပါတယ်။
ဗြိတိန်နဲ့ အိန္ဒိယတို့ဟာ ပြီးခဲ့တဲ့နှစ်က ပေါင် ၄၂ ဒသမ ၆ ဘီလီယံ ရှိခဲ့ပြီး ၂၀၄၀ ပြည့်နှစ်မှာ ပေါင် ၂၅ ဘီလီယံခွဲ ပိုပြီးတိုးတက်မယ်လို့ ခန့်မှန်းထားပါတယ်။
အိန္ဒိယဝန်ကြီးချုပ် မိုဒီကလည်း ဒီသဘောတူညီချက်ဟာ ရည်မှန်းချက်ကြီးပြီး နှစ်ဦးနှစ်ဖက် အကျိုးဖြစ်ထွန်းစေတယ်လို့ ပြောပါတယ်။
နှစ်နိုင်ငံ သဘောတူညီမှုစာချုပ်ကြောင့် ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု၊ ဖွံ့ဖြိုးမှု၊ အလုပ်အကိုင် ဖန်တီးနိုင်မှု၊ နှစ်နိုင်ငံ စီးပွားရေးတီထွင်ဆန်းသစ်နိုင်မှုတို့ကို အထောက်အကူပြုဖွယ်ရှိပါတယ်။ ဗြိတိန်နိုင်ငံဟာ ၂၀၂၀ ပြည့်နှစ်က ဥရောပသမဂ္ဂကနေ ထွက်ပြီးတဲ့နောက် အိန္ဒိယနိုင်ငံနဲ့ ကုန်သွယ်မှုလုပ်ဖို့ ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံဟာ ကမ္ဘာ့စီးပွားရေးအကောင်းဆုံး ပဥ္စမမြောက်နိုင်ငံဖြစ်ပြီး မကြာမီ အဆင့် ၄ နေရာကို တက်နိုင်ဖို့ မျှော်လင့်နေပါတယ်။ ကမ္ဘာ့စီးပွားရေး အကောင်းဆုံး ဆဋ္ဌမမြောက်နိုင်ငံ ဖြစ်တဲ့ ဗြိတိန်နဲ့ ကုန်သွယ်မှုရခြင်းက အိန္ဒိယနိုင်ငံအတွက် နှစ်လိုဖွယ် ကုန်သွယ်ဖက်နိုင်ငံ ဖြစ်လာပါတယ်။
Source: Reuters