
တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ စစ်ကြောင်း မိုင်းဆွဲ တိုက်ခိုက်ခံရပြီးနောက် အရာခံဗိုလ် တယောက် အပါအဝင် ၃ ယောက် သေဆုံးခဲ့တယ်လို့ ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က မေ ၇ ရက်မှာ ထုတ်ပြန်ထားပါတယ်။
တိုက်ခိုက်ခံရတဲ့ စစ်ကြောင်းဟာ အင်အား ၇၀ ခန့်ရှိပြီး ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့နယ်ကနေ ဧပြီ ၂၉ ရက်က စစ်ကြောင်းထိုးထွက်လာပြီးနောက် မလိဝမ်းကျေးရွာအနီးမှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့က စောင့်ကြို မိုင်းဆွဲတိုက်ခိုက်ခဲ့ကာ ၄၀-မမတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီဘက်က ၄၀-မမ ထိမှန်ပြီး အရာခံဗိုလ် တယောက် နေရာမှာတင် သေဆုံးခဲ့ကာ ၆ ယောက်လောက် ထိခိုက်ဒဏ်ရာရရှိနိုင်တယ်လို့ သိရပါတယ်။
ပစ်ခတ်မှုအနည်းငယ်ကြာပြီးနောက် ပြည်သူ့ကာကွယ်ရေးဘက်က ပြန်လည်ဆုတ်ခွာလာခဲ့တယ်လို့ ကော့သောင်းမြို့နယ် ပကဖအဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုအင်းဘီလူးက ပြောပါတယ်။
“အရာခံဗိုလ်က ပစ်တဲ့နေရာမှာ ပွဲချင်းပြီးဆုံးသွားတယ်။ အစက မသိသေးဘူး။ ခမောက်ကြီးဘက်ကို အလောင်းယူသွားတော့ အနီးတဝိုက်က သတင်းပေးသူကတဆင့် အတည်ပြုတော့မှ အရာခံဗိုလ်မှန်း သိရတယ်။ ဆေးရုံမှာ နှစ်ယောက် သေတာလည်း အတည်ပြုရတယ်ဗျာ။”
ကော့သောင်းမြို့နယ် ခြောက်မိုင်ကျေးရွာက စစ်တပ်ဆေးရုံကို ပို့ဆောင်ခဲ့တဲ့ ဒဏ်ရာရ စစ်သား ၂ ယောက်လည်း ထပ်မံသေဆုံးခဲ့ကြောင်း အတည်ပြုရခဲ့တယ်လို့ ပြန်ကြာရေးတာဝန်ခံ ကိုအင်းဘီလူးက ဆက်ပြောပါတယ်။
အဆိုပါနေ့ ပစ်ခတ်မှုပြီးနောက်တရက်မှာ စစ်ကောင်စီဘက်က အင်အားထပ်မံဖြည့်စွက်ပြီးတော့ မလိဝမ်းကျေးရွာအနီးတဝိုက်မှာ အင်အား ၁၀၀ ကျော်ဝန်းကျင်နဲ့ စစ်ကြောင်းထိုး သွားလာလှုပ်ရှားခဲ့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဧပြီလတုန်းကလည်း ကော့သောင်းမြို့နယ် အေးချမ်းသားကျေးရွာမှာ လစဥ်ကြေး ကောက်ပြီး ပြန်လာတဲ့ မာရမ်းကျေးရွာရဲစခန်း ကားတစီး တိုက်ခိုက်ခံရပြီး စခန်းမှူးအပါအဝင် ၃ ယောက် သေဆုံးခဲ့တယ်လို့ ကော့သောင်းပကဖအဖွဲ့ဆီက သိရပါတယ်။