Home
ဆောင်းပါး
နွေဦးပြည်သူတို့အတွက် ဆိတ်ဖူးပင် ဆေးဖက်ဝင်
DVB
·
May 7, 2025

ဒီတပတ်မှာ နွေဦးပြည်သူတို့အတွက် ဆိတ်ဖူးပင် ဆေးဖက်ဝင်အကြောင်းကို လက်လှမ်းမီ ဆေးပညာမှ ရေးသားမျှဝေသွားမှာ ဖြစ်ပါတယ်။

ဆိတ်ဖူးပင်ကို သိပ္ပံလို Boesenbergia rotunda လို့ခေါ်ပြီး အင်္ဂလိပ်လို Fingerroot လို့ ခေါ်ပါတယ်။

ဆိတ်ဖူးပင်မှာ ကာဗိုဟိုက်ဒရိတ်၊ ပရိုတင်းများ၊ ဆိုဒီယမ်၊ ပိုတက်စီယမ်၊ အမျှင်ဓာတ်၊ သံဓာတ်၊ ဗီတာမင် B1၊ ဗီတာမင် B3၊ ဗီတာမင် C၊ နိုင်ယာစင်၊ မရှိမဖြစ်အဆီများ စတဲ့ အာဟာရသတ္တုဓာတ်များနဲ့ flavonoid, polyphenol, caffeic acid, coumaric acid, chlorogenic acid, hesperidin, kaempferol, naringin, quercetin စတဲ့ ဓာတုဓာတ်ပေါင်းများ ပါဝင်ပြီး ဓာတ်တိုးဆန့်ကျင်ခြင်း၊ ရောင်ရမ်းမှုကို ဆန့်ကျင်ခြင်း၊ ပိုးသတ်ဆေး/မှိုသတ်ဆေး အာနိသင်ရှိခြင်း၊ အစာမကြေခြင်းနဲ့ ဝမ်းလျှောခြင်းတို့ကို သက်သာစေခြင်း၊ လိင်စွမ်းဆောင်ရည်ကို မြှင့်တင်ပေးခြင်း၊ စွမ်းအင်ကို အားကောင်းစေပြီး အာရုံကြောကို လှုံ့ဆော်ပေးခြင်း၊ နှင်းခူ/တင်းတိပ် ရောဂါကို သက်သာစေခြင်း စတဲ့ အစွမ်းအာနိသင်များ ရှိပါတယ်။

ဆိတ်ဖူးဥဟာ သဘာဝလေသက်ဆေးဖြစ်ပြီး အစာအိမ်နဲ့ အူလမ်းကြောင်းအတွင်း လေထိုး လေအောင့်ခြင်းများမှာ ဆိတ်ဖူးဥ အသင့်အတင့် စားသောက်ပေးခြင်းဖြင့် လေထိုး လေအောင့်ခြင်းကို ပျောက်ကင်းစေပြီး ဝမ်းချုပ်ခြင်းကိုလည်း တိုက်ဖျက်ပေးပါတယ်။ အစာအိမ်ကိုလည်း အားကောင်းစေပါတယ်။

ဆိတ်ဖူးဥဟာ ဗိုင်းရပ်စ်ဆန့်ကျင် အာနိသင်ရှိပြီး ချောင်းဆိုးခြင်း၊ ရင်ဘတ်ပိုးဝင်ခြင်း၊ အအေးမိခြင်း နဲ့ ပန်းနာရင်ကြပ်ခြင်းတို့အတွက် ဆိတ်ဖူးဥကို ထုထောင်းပြီး ဟင်းစားဇွန်းတဇွန်းခန့်ကို ပျားရည် ကော်ဖီဇွန်းဝက်နဲ့ တနေ့ ၁-၂ ကြိမ် သောက်ပေးနိုင်ပါတယ်။

ဆိတ်ဖူးဥဟာ ဆီးရွှင်စေတဲ့ အာနိသင် ရှိတာကြောင့် ဆီးနီ၊ ဆီးနည်း၊ ဆီးလမ်းကြောင်း နာကျင်ရောင်ရမ်းခြင်း ပြဿနာများမှာ ဆိတ်ဖူးဥပြုတ်ရည် တခါသောက် ရေနွေးကြမ်းပန်းကန် တဝက်ကို နာနတ်ပွင့်မှုန့် ကော်ဖီဇွန်းဝက်နဲ့ တနေ့ ၁-၂ ကြိမ် သောက်ပေးနိုင်ပါတယ်။

ဆိတ်ဖူးဥဟာ ကပ်ပါးပိုးဆန့်ကျင်အာနိသင် ရှိတာကြောင့် သန်သောင်/တုတ်ကောင်နဲ့ အူလမ်းကြောင်း ကပ်ပါးပိုးရောဂါများမှာ ဆိတ်ဖူးဥမှုန့် တခါသောက် ကော်ဖီတဇွန်းကို အုန်းနို့ ကော်ဖီ ၂ ဇွန်းနဲ့ တနေ့ ၂ ကြိမ် ၃ ရက်မှ ၅ ရက် သောက်ပေးနိုင်ပါတယ်။

ဆိတ်ဖူးဥမှာ ရောင်ရမ်းမှုကို ဆန့်ကျင်တဲ့ ဂုဏ်သတ္တိများ ပါ၀င်ပြီး ညောင်းညာကိုက်ခဲခြင်း၊ ကြွက်သားနာခြင်း၊ ဂေါက်နဲ့ အဆစ်အမြစ် နာကျင်ခြင်းတို့မှာ ဆိတ်ဖူးဥအမှုန့် တခါသောက် ကော်ဖီတဇွန်းကို တနေ့ ၂ ကြိမ် ရေနွေးနဲ့ သောက်ပေးခြင်းဖြင့် သိသိသာသာ ထိရောက်မှုရှိပါတယ်။

အမျိုးသမီးများ မိန်းမကိုယ်ပိုးဝင်ခြင်းနဲ့ အဖြူဆင်းခြင်းတို့အတွက် ဆိတ်ဖူးဥမှုန့်၊ ဆီးဖြူသီးမှုန့်၊ ပျားရည်တို့ကို ဆတူရောစပ်ပြီး တခါသောက် ကော်ဖီ ၂ ဇွန်းကို တနေ့ ၂ ကြိမ် သောက်ပေးနိုင်ပါတယ်။ အမျိုးသမီးများ သားအိမ်အတွင်း ရောင်ရမ်းမှုကို လျှော့ချရာမှာလည်း  အသုံးပြုနိုင်ပါတယ်။ ဆိတ်ဖူးဥပြုတ်ရည်နဲ့ ဖန်ဆေးပေးခြင်းဖြင့် ဘက်တီးရီးယားကြောင့် ရောင်ရမ်းခြင်း၊ အဖုများ၊ ယားယံခြင်းတို့ကို သက်သာစေပါတယ်။

သွားပိုးစားခြင်းအတွက် ထိရောက်မှုရှိပြီး သွားပိုးစားခြင်း၊ ခံတွင်းအနံ့ဆိုးထွက်ခြင်း၊ သွားဖုံးရောင်ခြင်း၊ ခံတွင်းယားယံခြင်း၊ သွားနဲ့ သွားဖုံးရောဂါများအတွက် ဆိတ်ဖူးဥကို ဝါးပေးခြင်း၊ ပြုတ်ရည်ကို ငုံပေးခြင်း ပြုလုပ်နိုင်ပါတယ်။

ဆိတ်ဖူးဥမှာ ပိုးသတ်ဆေးအာနိသင် ရှိတာကြောင့် အနာများ/ထိခိုက်ဒဏ်ရာ/ပေါက်ပြဲရှနာများမှာ ဆိတ်ဖူးဥကို သွေးလိမ်းပေးခြင်းဖြင့် ရောဂါပိုးမွှားများကို ဟန့်တားနိုင်တဲ့အပြင် အဏုဇီဝပိုးမွှားများ သို့မဟုတ် ပိုးမွှားများ ကြီးထွားမှုကို နှောင့်နှေးခြင်း သို့မဟုတ် ရပ်တန့်ရန် ကူညီပေးပြီး  အနာကျက်စေရန် ကူညီပေးပါတယ်။

ဆိတ်ဖူးဥဟာ အစာအိမ် အချွဲပါဝင်မှု တိုးလာခြင်းကြောင့် အစာအိမ်အနာဖြစ်တဲ့ ဧရိယာကို လျှော့ချပေးတာကြောင့် အစာအိမ်အနာရောဂါမှာ ဆိတ်ဖူးဥ သွေးရည် တခါသောက် ကော်ဖီ ၂ ဇွန်းကို ပျားရည် ကော်ဖီတဇွန်းနဲ့ တနေ့ ၂-၃ ကြိမ် သောက်ပေးနိုင်ပါတယ်။

ဆိတ်ဖူးဥဟာ လိင်စိတ်ဆန္ဒကို လှုံ့ဆော်ပေးတဲ့ အာနိသင် ရှိတာကြောင့် ဆိတ်ဖူးဥမှုန့် ကော်ဖီတဇွန်းကို နွားနို့ တဖန်ခွက်နဲ့ ညအိပ်ချိန် ပုံမှန်သောက်သုံးပေးခြင်းဖြင့် အမျိုးသား လိင်ပိုင်းဆိုင်ရာ အားနည်းမှုများကို သက်သာပျောက်ကင်းစေပါတယ်။

အစာဓာတ်မတည့်ခြင်းနဲ့ အဆိပ်သင့်ခြင်းမှာ ဆိတ်ဖူးအရွက်သတ္တုရည် တခါသောက် ဟင်းစားဇွန်း တဇွန်းကို တနေ့ ၂-၃ ကြိမ် သောက်ပေးခြင်းဖြင့် အဆိပ်အာနိသင်ကို လျော့ကျစေပါတယ်။

ဆိတ်ဖူးပင်မှာ ဇီဝပိုးမွှားဆန့်ကျင် ဂုဏ်သတ္တိများ ပါ၀င်ပြီး ဆိတ်ဖူးပင်/ဥ တို့ကို အစားအစာများမှာ ထည့်စားသောက်ခြင်းက အစားအစာမှ ရောဂါပိုးများ ကြီးထွားမှုကို ဟန့်တားရာမှာ ထိရောက်မှုရှိပါတယ်။

ဆိတ်ဖူးဥမှာ ဓာတ်တိုးဆန့်ကျင်အာနိသင်တွေ ပါ၀င်လို့ ဆိတ်ဖူးဥ အသင့်အတင့် စားသောက်ပေးတာက ကင်ဆာဖြစ်စေနိုင်တဲ့ အန္တရာယ်ကို လျော့ပါးစေပြီး ရင်သားကင်ဆာကို ဟန့်တားပေးပါတယ်။

ဆိတ်ဖူးဥမှာ မှိုသတ်ဆေးဂုဏ်သတ္တိများ ပါ၀င်တာကြောင့် ဆိတ်ဖူးဥကို သွေးလိမ်းပေးခြင်းဖြင့် မှိုရောဂါများကို သက်သာစေပါတယ်။

ဆိတ်ဖူးဥမှာ ရောဂါများစွာကို ဟန့်တား ကုသပေးနိုင်တဲ့ ဇီဝဗေဒဆိုင်ရာ ဓာတ်ပေါင်းများ ပါဝင်တာကြောင့် ဆိတ်ဖူးဥကို ဒဏ်ရာများမှာ လိမ်းပေးခြင်းဖြင့် အနာကို အမြန်ကျက်စေပြီး အမာရွတ်များကိုလည်း ပျောက်ကင်းစေပါတယ်။

ဆိတ်ဖူးဥမှရရှိတဲ့ ဆီဟာ ဝက်ခြံဖြစ်စေတဲ့ ဘက်တီးရီးယားတွေကို တိုက်ဖျက်နိုင်တာကြောင့် ဝက်ခြံကို လိမ်းပေးခြင်းဖြင့် ထိရောက်မှုရှိပါတယ်။

ဆိတ်ဖူးဥဟာ အဖျားကိုကျစေတဲ့ အာနိသင်ရှိတာကြောင့် အဖျားနဲ့ အအေးမိခြင်းအတွက် ဆိတ်ဖူးဥပြုတ်ရည် တခါသောက် ရေနွေးကြမ်းပန်းကန်တဝက်ကို တနေ့ ၁-၂ ကြိမ် သောက်ပေးနိုင်ပါတယ်။

ဆိတ်ဖူးဥဟာ အလွန်မွှေးကြိုင်ပြီး အမျိုးမျိုးသော ဟင်းလျာများ ချက်ပြုတ်ရာမှာ အသုံးပြုခြင်းဖြင့် အစာစားချင်စိတ်ကို မြှင့်တင်ပေးပါတယ်။

ဆိတ်ဖူးဥ ရေနွေးကြမ်း အသင့်အတင့်ကို ပုံမှန်သောက်သုံးပေးခြင်းဖြင့် အစာအိမ်ပြဿနာများနဲ့ လေပွခြင်းများအတွက် အလွန်အကျိုးရှိပြီး နှလုံးသွေးကြောစနစ်ကို ကျန်းမာစေခြင်းနဲ့ ဦးနှောက်လုပ်ဆောင်ချက်ကို မြှင့်တင်ပေးတဲ့အပြင် အရိုးများကိုလည်း သန်မာစေပါတယ်။ သွေးဖိအားကို လျှော့ချပေးတဲ့အပြင် ဆီးထုတ်လုပ်မှုကိုလည်း ကူညီပေးပါတယ်။ ဓာတ်တိုးမှုကို ဆန့်ကျင်ခြင်း၊ ရောင်ရမ်းမှုကို ဆန့်ကျင်ခြင်း၊ ကင်ဆာရောဂါဆန့်ကျင်ခြင်း၊ မှိုသတ်ဆေး/ပိုးသတ်ဆေး ဂုဏ်သတ္တိများကြောင့် ကျန်းမာရေးအတွက် အလွန်အကျိုးပြုတဲ့ သဘာဝ ဆေးဖက်ဝင် အစားအစာတခု ဖြစ်ပါတယ်။

ဆိတ်ဖူးဥကို အသင့်အတင့် စားသုံးတာက ထူးခြားတဲ့ ဘေးထွက်ဆိုးကျိုး မရှိပေမဲ့ အလွန်အကျွံ စားသုံးခြင်းကြောင့် သွားဖုံးလျော့ရဲခြင်း၊ ခံတွင်းအနာဖြစ်ခြင်း၊ ရင်တုန်ခြင်း တို့ကို ဖြစ်စေနိုင်ပါတယ်။ အသည်း၊ ကျောက်ကပ်ဆိုင်ရာ ချို့ယွင်းချက်ရှိတဲ့ လူနာများ ဆိတ်ဖူးဥ စားသုံးခြင်းကို ရှောင်ကြဉ်ပါ။

ကိုယ်ဝန်ဆောင်အမျိုးသမီးများ ဆိတ်ဖူးဥ စားသုံးခြင်းကို ရှောင်ကြဉ်ပါ။ ဆီးချို/သွေးတိုးကဲ့သို့သော မွေးရာပါရောဂါများအတွက် ဆေးသောက်နေတဲ့ လူနာများ ဆိတ်ဖူးဥ စားသုံးခြင်းကို ရှောင်ကြဉ်ပါ။ ဆိတ်ဖူးဥနဲ့ ဓာတ်မတည့်သူများ ဆိတ်ဖူးပင်ထွက်ပစ္စည်းများကို ရှောင်ကြဉ်သင့်ပါတယ်။

နွေဦးပြည်သူများ ဆိတ်ဖူးပင်ရဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးများကို သိရှိပြီး လိုအပ်သလို ရယူသုံးစွဲနိုင်ဖို့ ရေးသားဖော်ပြလိုက်ပါတယ်။

သာဇဏ် (CDM ကျန်းမာရေးဝန်ထမ်း၊ တိုင်းရင်းဆေးပညာရှင်)

သာဇဏ်
နွေဦးပြည်သူ
လက်လှမ်းမီဆေးဖက်ဝင်
ဆိတ်ဖူးပင်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013