
အိမ်နီးချင်းနိုင်ငံများနှင့် ဒေသဆိုင်ရာအက်တာများသည် မြန်မာ့နွေဦးတော်လှန်ရေးကို ပျက်ပြားစေရန် မြေငလျင်ကယ်ဆယ်ရေးကို အသုံးချပြီး စစ်အာဏာရှင်စနစ်ကို ဘက်မလိုက်သည့် အသွင်ဖြင့် ပြန်လည်အသက်သွင်းရန် မည်သို့မည်ပုံ ကြိုးပမ်းနေကြသနည်း။
ငလျင်ကြီးမဖြစ်မီ ဒေသတွင်းနိုင်ငံများ၏ မဟာဗျူဟာပြောင်းလဲမှု
ငလျင်ကြီးမလှုပ်မီကပင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စိုးရိမ်ပူပန်မှုများနှင့် ပတ်သက်ခြင်းမရှိဘဲ အဓိကနိုင်ငံအချို့၊ အထူးသဖြင့် တရုတ်၊ ထိုင်း၊ အိန္ဒိယ တို့သည် ပြိုကျနေသော စစ်အာဏာရှင်များကို ကျားကန်ပေးရန် ရည်ရွယ်သည့် မူဝါဒ ဆုံးဖြတ်ချက်များ ချထားပြီးဖြစ်သည်။ ထိုင်းနိုင်ငံ၏ အခြေအနေတွင် စောင့်ကြည့်ရမည့် အဓိကပုဂ္ဂိုလ်မှာ သက်ဆင်ရှင်နာဝပ် ဖြစ်သည်။
၎င်းတို့၏ချဉ်းကပ်မှုတွင် -
- သံတမန်ဆက်ဆံရေး
- အကန့်အသတ်ရှိသော အကူအညီများ (သံတမန်ရေးနှင့် စီးပွားရေး - “ဆု”ပေး)
- တော်လှန်ရေးအင်အားစုများအပေါ် ဖိအားများ (“ဆု” ပေးခြင်းမရှိ၊ “ဒဏ်” သာပေး)
- မြန်မာနိုင်ငံ၏ နိုင်ငံတော်၊ နိုင်ငံရေးနှင့် စီးပွားရေးအပေါ် စစ်တပ်က ဆက်လက် လွှမ်းမိုးထားနိုင်ရေးအတွက် တရားဝင်မှုမျက်နှာစာ ဖန်တီးရန် အတုအယောင် ရွေးကောက်ပွဲများအတွက် တွန်းအားပေးမှု။
အဲဒီပြောင်းလဲမှုတွေကို ဖြစ်ပေါ်စေတဲ့ အကြောင်းအရာတွေကတော့ -
အာဏာအစုအဝေးရဲ့ အာဏာပိုင်စနစ်နဲ့ စိတ်ဓာတ်ကို သဘောတူမှုရှိခြင်း၊ ဒီမိုကရေစီတော်လှန်ရေး / နိုင်ငံရေးအဖွဲ့အစည်းများထက် “ရင်းနှီးပြီးသားအာဏာရှင်များ” ကို ပိုစိတ်ချခြင်း၊
မြန်မာစစ်တပ်နဲ့ တာဝန်ရှိသူအချို့တို့နဲ့ နှစ်ပေါင်းများစွာ ပူးပေါင်းနေကြသော အကျိုးစီးပွားအပေါ် အခြေခံသည့် သဘောတူညီမှုများ၊
မြေပြင်ပေါ်တွင် ဖြစ်ပျက်နေသော အခြေအနေကို မှန်မှန်ကန်ကန် နားလည်နိုင်ခြင်းမရှိဘဲ ပြည်သူလူထု၏ ဆန္ဒကိုလည်း လုံးဝလျစ်လျူရှုခြင်း၊
အာဏာသိမ်းပြီးနောက် သုံးနှစ်အတွင်း မြင်တွေ့ခဲ့ရသော “စောင့်ကြည့်သည့်နည်းလမ်း” မှ တဖြည်းဖြည်း ပြောင်းလဲကာ အီလစ်အုပ်စုများအကြား သဘောတူညီချက်တရပ် (‘လူတိုင်းပါဝင်သည့် ဆွေးနွေးပွဲ’ ဟု တံဆိပ်တပ်ထားသည်) ဖြင့် စစ်တပ်အုပ်ချုပ်ရေးကို ထိန်းသိမ်းကာ ‘တည်ငြိမ်မှု’ ပြန်လည်ရယူရန် ကြိုးပမ်းမှုတရပ်သို့ တိတ်တဆိတ် ရွေ့လျားလာနေခြင်းသည် တော်လှန်ရေးလှုပ်ရှားမှုအတွက် စိန်ခေါ်မှုကြီးတခု ဖြစ်လာခဲ့ပါသည်။
သို့သော် ထိုသို့ပြောင်းလဲလာမှုသည် တော်လှန်ရေး၏ အရှိန်အဟုန်ကို ပြန်ပြောင်းနိုင်ခဲ့ခြင်း မရှိပေ။ အရင်းအမြစ် နည်းပါးသော်လည်း တော်လှန်ရေးတပ်ဖွဲ့များက ဖြည်းဖြည်းမှန်မှန် ရှေ့ဆက် ထိုးစစ်ဆင် တိုက်ခိုက်နိုင်လာပြီး စစ်အာဏာရှင်တို့သည် သိသိသာသာ ရှုံးနိမ့်လာနေသည်။
သို့သော် မကြာသေးမီက လှုပ်ခတ်ခဲ့သော ငလျင်ကြီးကြောင့် တော်လှန်ရေး၏ အရှိန်အဟုန်ကို မလွှဲသာ မရှောင်သာ နှောင့်နှေးစေခဲ့သည်။ အတိအကျပြောရလျှင် တော်လှန်ရေးတပ်ဖွဲ့များသည် ပြည်သူတို့အပေါ် စိုးရိမ်ပူပန်ကြပြီး တာဝန်ခံမှုအပြည့်အဝ ရှိကြခြင်းကြောင့် ဖြစ်သည်။ ဤကပ်ဘေးအန္တရာယ်ကြောင့် စစ်အာဏာရှင်တို့အတွက် အလွန်လိုအပ်သော အသက်ရှူချိန်တခုကို ရရှိစေခဲ့သည်။
စစ်တပ်သည် ဤအခိုက်အတန့်ကို အောက်ပါအတိုင်း အသုံးပြုနေပါသည်။
- အကူအညီရသည့် အရင်းအမြစ်များကို သိမ်းဆည်းထိန်းချုပ်ခြင်း၊
- တပ်ဖွဲ့များကို ပြန်လည်အားဖြည့်ခြင်းနှင့် ပြန်လည်လက်နက်တပ်ဆင်ခြင်း၊
- အတင်းအဓမ္မ စစ်သားစုဆောင်းခြင်းအား တိုးမြှင့်လုပ်ဆောင်ခြင်း၊
- လူအင်အားနှင့် ထောက်ပံ့ပို့ဆောင်ရေးတို့ကို ပြန်လည်တည်ဆောက်ခြင်း၊
ပို၍ စိုးရိမ်ဖွယ်ကောင်းသည်မှာ ငလျင်ကြီးကြောင့် စစ်အာဏာရှင်စနစ် ပြန်လည် အသက်ဆက်လာနိုင်ခြင်းတွင် အကျိုးစီးပွားရှိသူ နိုင်ငံများနှင့် သက်ဆိုင်သူများအား “လူသားချင်းစာနာထောက်ထားရမည့်တာဝန်” ဟုခေါ်သည့် အကြောင်းပြချက်သစ်တခု ရလိုက်ခြင်း ဖြစ်သည်။ နိုင်ငံ၏ အလယ်ပိုင်းနှင့် ကမ်းရိုးတန်းဒေသများတွင် ချုပ်ကိုင်ထားနေနိုင်သေးပြီး နိုင်ငံ၏ အစိုးရအဖွဲ့အစည်းများအပေါ်တွင် ချုပ်ကိုင်ထားနေသေးသော စစ်အာဏာရှင်တို့အား ၎င်းတို့ ဆက်လက် ထိတွေ့ဆက်ဆံမှုနှင့် ထောက်ပံ့ပေးနေမှုကို အကြောင်းပြချက်ရခဲ့ခြင်း ဖြစ်သည်။
စစ်အာဏာရှင်ကို ပုံမှန်ဖြစ်စေတဲ့ ဇာတ်ကြောင်းများ လွှမ်းမိုးနေပါသည်။
ငလျင်ကြီးလှုပ်ပြီးနောက်တွင် နွေဦးတော်လှန်ရေးကြီး အောင်မြင်မည်ဟု မယုံကြည်ဘူးသော၊ တော်လှန်ရေးတိုက်ပွဲများတွင် အဓိပ္ပာယ်ရှိစွာ ပါဝင်ကူညီခဲ့ကြခြင်းလည်း အလျဥ်းမရှိသော အကျိုးစီးပွားအုပ်စု လေးခုသည် စစ်အာဏာရှင်နှင့် ထိတွေ့ဆက်ဆံမှု ပြန်လည်စတင်ရန် သို့မဟုတ် ချဲ့ထွင်ရန် အခွင့်အလမ်းကို ရယူခဲ့သည်။
အဓိပ္ပာယ်ရှိသည့် မည်သည့်စံနှုန်းအောက်တွင်မှ ရှိမနေသော စစ်အာဏာရှင်တို့အား “လက်တွေ့ အာဏာချုပ်ကိုင်ထားသည့်အစိုးရ” အဖြစ် ဆက်ဆံရေးကို ပုံမှန်အတိုင်းပြန်လုပ်ရန် လိုလား တောင့်တနေသည့် ဤအုပ်စုများသည် ပုံမှန်အတိုင်း စီးပွားရေးလုပ်ငန်းများ ပြန်လုပ်ရန် ‘လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ဦးစားပေး’ အကြောင်းပြကာ အသုံးပြုလာကြပါသည်။
ဤစိတ်ဝင်စားမှုအုပ်စု လေးခုအနက် ပထမသုံးစုသည် သြဇာရှိပြီး စတုတ္ထအုပ်စုမှာ အခြားသူများ ကစားသည့် ဂိမ်းတွင် အိမ်ဖြည့် ဘေးထိုးအဖြစ် ပါဝင်နေခြင်းဖြစ်သည်။
၁။ အထက်ဖော်ပြပါ အိမ်နီးချင်းနိုင်ငံများနှင့် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ကဲ့သို့သော ဒေသတွင်းအဖွဲ့အစည်းများ၊
၂။ စစ်အာဏာရှင်တို့နှင့် ကာလအတန်ကြာ လုံးထွေးဆက်ဆံရင်း အကျပ်ရိုက်နေကြပြီး ပုံမှန် ဆက်ဆံရေးအခြေအနေ ပြန်လည်ထူထောင်ရန် ကြိုးပမ်းနေကြသည့် နိုင်ငံတကာ လူသားချင်း စာနာထောက်ထားမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အကူအညီပေးရေး လော်ဘီများ၊
၃။ အလှူရှင်များ၏ ရန်ပုံငွေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သို့ ပြန်သွားရန် စိတ်အားထက်သန်နေကြသော ငြိမ်းချမ်းရေး စည်းရုံးမှုတွင် ၎င်းတို့သည် ‘အကျိုးဆောင်များ’ အဖြစ် သြဇာရှိသော အခန်းကဏ္ဍကို ကိုင်စွဲထားသည့် ငြိမ်းချမ်းရေးဘော်ဘီများ၊
၄။ အတုအယောင် ရွေးကောက်ပွဲအတွက် မှတ်ပုံတင်ထားသည့် နိုင်ငံရေးပါတီများနှင့် ယခင် မအောင်မြင်ခဲ့သော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် ပါ၀င်နေကြသည့် ပြည်တွင်း “ဇွန်ဘီ” များ။ (၎င်းတို့သည် နွေဦးတော်လှန်ရေးတွင် မပါဝင်ခဲ့ကြဘဲ စစ်တပ် မဖြစ်မနေ တည်မြဲနေမှသာ မြန်မာ့နိုင်ငံရေးတွင် ၎င်းတို့ကိုယ်တိုင် ဆက်လက်ပါဝင်နိုင်မည်ဟု တွေးထင်နေကြသူများ။)
ငလျင်လှုပ်ပြီးကတည်းက ဤအုပ်စု ၄ စုသည် အပြန်အလှန် အထောက်အကူဖြစ်စေသော ဇာတ်ကြောင်းများနှင့် အစပြုမှုများကို ထုတ်လွှတ်လာကြသည်။
- “ဘယ်ဘက်မှ မနိုင်နိုင်” ကြောင်းနှင့် “စစ်အာဏာရှင်တို့အား အနိုင်မရနိုင်ကြောင်း” ထို့ကြောင့် “ဒုက္ခရောက်နေသော ပြည်သူများအတွက်” တော်လှန်ရေးအင်အားစုများက “လူသားချင်း စာနာထောက်ထားမှု အပစ်အခတ်ရပ်စဲရေး” ကို လက်ခံရမည်ဖြစ်ကြောင်း ပြည်သူလူထုအား စည်းရုံးသိမ်းသွင်းသည်။
- မင်းအောင်လှိုင်နှင့် စစ်အာဏာရှင်ကို တရားဝင် မိတ်ဖက်များအဖြစ် သတ်မှတ်ရေး။
- “စေ့စပ်ဆွေးနွေးမှုများ” တွင် ဝင်ရောက်ရန် တော်လှန်ရေးအင်အားစုများအပေါ် ဖိအားများ တိုမြှင့်ရန် (အမှန်စင်စစ် စစ်တပ်လွှမ်းမိုးချုပ်ကိုင်မှုထံ လက်နက်ချကြရန် တောင်းဆိုနေကြခြင်းသာ ဖြစ်သည်။)
- စစ်အာဏာရှင်ကို တရားဝင်ဖြစ်လာစေမည့် အတုအယောင်ရွေးကောက်ပွဲအား လမ်းခင်းပေးနေခြင်း။
ဤဇာတ်ကြောင်းနှင့် လုပ်ဆောင်ချက်များသည် တရားဝင်ညှိနှိုင်းထားသော လှုံ့ဆော်မှုတခု၏ အစိတ်အပိုင်း မဟုတ်သော်လည်း ၎င်းတို့ကို အကျိုးစီးပွားများ ပေါင်းစည်းခြင်း ဆုံချက်သဖွယ် ထပ်တူပြုနေပါသည်။ ထိုအခြေသည် တော်လှန်ရေးအင်အားစုများအတွက် တကယ့်စိန်ခေါ်မှုတခု ဖြစ်လာသည်ဟု နားလည်ရပါသည်။
၎င်းတို့သည် စစ်အာဏာရှင်တို့၏ အကြမ်းဖက်မှုတိုက်ဖျက်ရန် ခွန်အား၊ ခံနိုင်ရည်နှင့် စိတ်ပိုင်း ဖြတ်ထားမှုများ ရှိထားသော်လည်း ကြားနေအမြင်ကို ပြောဆိုသူများ (မြန်မာပြည်တွင်းရေးကို “မစွက်ဖက်ချင်” ဟုဆိုကာ “ကူညီ” ရန်သာ ဆန္ဒရှိကြသည်ဟု ပြောကြသူများ) ၏ အနှောင့်အယှက်များအား ကျော်လွှားရန် လုံလောက်စွာ ပြင်ဆင်ထားနိုင်ခြင်း မရှိသေးပေ။
သိထားကြသည့်အတိုင်း အိမ်နီးချင်းနှင့် ဒေသအတွင်း အစိုးရများသည် မင်းအောင်လှိုင်နှင့် စစ်အုပ်စုအား အထီးကျန်ဘ၀မှ ပြန်လည်ခေါ်ဆောင်ရန် နိုင်ငံရေးဆုံးဖြတ်ချက်များ ချထားပြီးဖြစ်သည်။ အထက်ဖော်ပြပါ အကျိုးစီးပွားအုပ်စုများသည် စစ်အုပ်စုနှင့် ထိတွေ့ဆက်ဆံရာတွင် မဟာဗျူဟာနှင့် ရုပ်ပိုင်းဆိုင်ရာ အားသာချက်များကို တွေ့နေကြသည်။
မြန်မာနိုင်ငံတော်၏ တော်လှန်ရေးအက်တာများ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် အမှီအခိုကင်းသော မီဒီယာများထံမှ အထောက်အထားများ တွေ့မြင်နေရပါသည်။
- စစ်အာဏာရှင်တို့သည် ပြင်းထန်သော စစ်ဆင်ရေးများကို ဆက်လက်လုပ်ဆောင် နေပါသည်။
- မင်းအောင်လှိုင်သည် အပစ်အခတ်ရပ်စဲရေး သို့မဟုတ် ငြိမ်းချမ်းရေးအတွက် ဘာအစီအစဥ်မှမရှိဘဲ နောက်ထပ်စစ်ပွဲများအတွက် ပြင်ဆင်နေသည်။
- အကူအညီများကို လွတ်မြောက်နယ်မြေများဆီသို့ မရောက်အောင် ပိတ်ဆို့ထားပြီး စစ်အုပ်စု၏ အမာခံနယ်မြေများသို့သာ ပို့ဆောင်ပေးလျက်ရှိသည်။
- လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေများကို လက်နက်အဖြစ် အသုံးပြုလျက်ရှိသည်။
- စစ်အာဏာရှင်တို့သည် ထောက်ပံ့ငွေများအပေါ် ငွေလဲနှုန်း ခြယ်လှယ်မှုမှ အကျိုးအမြတ်များ ရနေသည်။
ဤအရာအားလုံးသည် ဤအုပ်စုများ ဖက်တွယ်ထားသော တမင်တကာ လျစ်လျူရှုထားမှုနှင့် နိုင်ငံရေးအရ ရေစုန်မျော သက်တောင့်သက်သာရှိနေသည့် အခြေအနေကို ချိုးဖောက်နိုင်ရန် မလွယ်လောက်ပေ။
ဇာတ်ကြောင်းအသစ် လှိုင်းလုံးလွှမ်းမိုးမှုသည် စစ်အာဏာရှင်တို့၏ စစ်ရေးအရရော အုပ်ချုပ်ရေးပိုင်းပါ ပြိုလဲနေလျက်ရှိနေသည့် အဖြစ်မှန်ကို ယာယီအားဖြင့် ဖုံးကွယ်ထားသည်။
အခြေအနေအရပ်ရပ်ကို လေ့လာကြည့်ပါက
ယခု အရေးကြီးသော အချိန်ကာလတွင် တိုင်းရင်းသား တော်လှန်ရေးအင်အားစုများ၊ တနိုင်ငံလုံး အတိုင်းအတာဖြင့် ဆင်နွှဲလျက်ရှိသော တော်လှန်ရေးလှုပ်ရှားမှုကြီး၊ ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) နှင့် ဒေသန္တရကာကွယ်ရေး အဖွဲ့များအားလုံး အနီးကပ် ညှိနှိုင်းဆောင်ရွက်နေကြပြီး တည်တည်ငြိမ်ငြိမ်ဖြင့် အမှန်တကယ် အရေးကြီးသည့် အရာကိုသာ ဆက်လက်အာရုံစိုက် လုပ်ဆောင်သွားရန် အရေးကြီးပါသည်။
စစ်အာဏာရှင်စနစ် အပြီးတိုင်ဖျက်သိမ်းရေး ပြတ်သားသော ရည်မှန်းချက်ဖြင့် မင်းအောင်လှိုင်အပေါ် စစ်ရေးအရ ဖိအားပေးမှုကို ထိန်းထားရမည်ဖြစ်သည်။
အခြားသော တော်လှန်ရေးအက်တာများသည် လူထုထောက်ခံအားပေးမှုအား မြှင့်တင်နေခြင်း၊ ရန်ပုံငွေရှာဖွေမှု၊ လူသားချင်းစာနာမှုအတွက် ကြံ့ကြံ့ခံရပ်တည်မှု၊ ယဉ်ကျေးမှုနှင့် အနုပညာမျက်နှာစာမှ တွန်းလှန်နေမှု၊ သတင်းအချက်အလက်နှင့် စိတ်ဓာတ်စစ်ဆင်ရေးစစ်ပွဲ၊ နိုင်ငံတကာထောက်ခံအားပေးမှု၊ မီဒီယာသတင်းများ၊ စစ်အာဏာရှင်တို့၏ ရာဇ၀တ်မှုများကို မှတ်တမ်းတင်ခြင်း သို့မဟုတ် စစ်အာဏာရှင်တို့က ပြည်သူများအပေါ် ကျူးလွန်နေသည့် ရာဇ၀တ်မှုများကို စုံစမ်းဖော်ထုတ်ခြင်း စသည့် ၎င်းတို့သက်ဆိုင်ရာ မစ်ရှင်များကို သစ္စာရှိရှိ ဆက်လက်လုပ်ဆောင်နေရမည် ဖြစ်သည်။
“ကျွန်ုပ်တို့၏ ဘိုးဘေးများ၊ ကျွန်ုပ်တို့၏ မိဘများသည် စစ်ဘေးဒဏ်ကို ခံနိုင်ရည်ရှိနေပြီဖြစ်သည်။ ကျွန်ုပ်တို့ကိုယ်တိုင် ယနေ့တိုင် ကြံ့ကြံ့ခံနေကြရဆဲ ဖြစ်ပါသည်။ ယခုအချိန်တွင် စစ်အာဏာရှင်စနစ်ကို ချုပ်ငြိမ်းအောင် မလုပ်နိုင်ပါက ကျွန်ုပ်တို့၏ မျိုးဆက်သစ်များသည် စစ်ဘေးဒဏ်ကို ဆက်လက်ခံစားနေကြရမည်ဖြစ်ပြီး စစ်မှန်သော လွတ်လပ်သော လူသားများအဖြစ် ရှင်သန်နိုင်ကြမည်မဟုတ်ပေ။ ထို့ကြောင့် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးအတွက် ဆက်လက်ဆောင်ရွက်မည်”ဟု ဆိုပါသည်။
“စစ်ရေးသံသရာ ဆက်မဖြစ်နိုင်အောင် သေသေချာချာ ညီညီညွတ်ညွတ် အပြီးသတ်တိုက်ပွဲ ဆင်နွဲရမည်ဖြစ်ကြောင်း” တအာင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) မှ တွဲဖက်အထွေထွေအတွင်းရေးမှူး ၂ ဗိုလ်မှူးကြီးတားပန်လက အားအင်အပြည့် ခိုင်ခိုင်မာမာ ပြောပါသည်။
အီဂေါဗလာဇီဗစ်
(Igor Blazevic သည် Educational Initiatives Myanmar မှ ဆွေးနွေးပို့ချသူပညာရှင်ဖြစ်ပြီး Prague Civil Society Centre မှ အကြီးတန်းအကြံပေးပုဂ္ဂိုလ် ဖြစ်ပါသည်။)