
ကရင်နီပြည်နယ်၊ ဒီးမော့ဆိုအနောက်ခြမ်းကို မေ ၆ ရက်နေ့ ညက စစ်ကောင်စီ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ နေအိမ် ၁ လုံးပျက်စီးပြီး ပြည်သူတွေ စိုးရိမ်နေကြပါတယ်။
မေ ၆ ရက်နေ့ ည ၁၁ နာရီဝန်းကျင်မှာ စစ်ကောင်စီက ဂျက်ဖိုက်တာ ၂ စီးနဲ့ မိနစ်အနည်းငယ်ခြားပြီး လေကြောင်းကနေ ဗုံး ၁၀ လုံးနီးပါး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ဒေသခံတယောက်က “အာဇာနည်ကုန်းနား၊ လူအထိအခိုက်တော့မရှိဘူး၊ တောထဲ ကျတယ်။ ဓာတုအဆိပ်ငွေ့ထည့်ပြီး ကြဲတာပါ”လို့ ပြောပါတယ်။
အဆိပ်ငွေ့ကြောင့် မူးဝေတာ၊ အော့အန်တာ၊ အင်အားပြတ်လပ်သလို ဖြစ်တာတွေလည်း ရှိနေပြီး မလန်းမဆန်းဖြစ်တယ်လို့ သိရပါတယ်။
တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ စစ်ကောင်စီတပ်က ဒေသခံနဲ့ စစ်ရှောင်ပြည်သူဆွေအနီးနားကို လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်မှုတွေ ပြုလုပ်နေတာကြောင့် စစ်ဘေးရှောင်ပြည်သူတွေ စိုးရိမ်နေကြပါတယ်။
စစ်ကောင်စီတပ်က မိုးဗြဲအနီးတဝိုက်ကိုလည်း လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ပြီး ဒရုန်းနဲ့ ဗုံးသီးချတာ၊ လက်နက်ကြီးနဲ့ပစ်ခတ်တာ၊ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးတာတွေကြောင့် ထိတွေ့တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားနေပြီး နှစ်ဖက်အထိအခိုက် အကျအဆုံးတွေလည်း ရှိနေပါတယ်။