
ထားဝယ်ခရိုင်၊ ထားဝယ်မြို့အဝင် ပေါက်တိုင်းတံတားမှာ စစ်ကောင်စီနဲ့ ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့တွေအကြား နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်နေတယ်လို့ အနီးအနားဒေသခံတွေဆီက သိရပါတယ်။
မေ ၇ ရက်နေ့ မနက် ၅ နာရီခွဲခန့်ဝန်းကျင်မှာ ထားဝယ်-မြိတ် ပြည်ထောင်စုကားလမ်းပေါ်မှာရှိတဲ့ ထားဝယ်မြို့အဝင်က ပေါက်တိုင်းတံတားက စစ်ကောင်စီစစ်ဆေးရေးဂိတ် တိုက်ခိုက်ခံခဲ့ရတာလို့ အနီးအနားဒေသခံတွေက ဆိုပါတယ်။
“ဖြစ်နေတာက ၅ ခွဲကတည်းက လက်နက်ကြီးသံတွေလည်း ကြားနေရတယ်။ မြို့ပေါ် ဈေးတက်လာရောင်းတဲ့ ဈေးသည်တွေဆိုလည်း မပြန်ရသေးဘဲပိတ်မိနေတယ်” လို့ ပေါက်တိုင်းတံတားနဲ့အနီးအနားမှာရှိတဲ့ ဒေသခံတယောက်က ပြောပါတယ်။
ဒါ့အပြင် တိုက်ပွဲကြောင့် ထားဝယ်မြို့မှ သရက်ချောင်းဘက်ကိုသွားတဲ့ မြို့အဝင်အထွက်မှ ပေါက်တိုင်းတံတားမှာ မနက် ၁၁နာရီအထိ ဖြတ်သန်းသွားလာလို့မရသေးဘူးလို့ အနီးအနားဒေသခံတွေနဲ့ ယာဉ်မောင်းတချို့ထံက သိရပါတယ်။
“ကားတွေက အခုထိ (၁၁ နာရီလောက်အထိ) ဖြတ်လို့မရသေးဘူး။ တချို့ကားတွေက ပြန်လှည့်သွားတာများတယ်” လို့ အမည်မဖော်လိုတဲ့ ဒေသခံတယောက်က ပြောပါတယ်။
စစ်ကောင်စီစစ်ဆေးရေး ဂိတ်ပစ်ခတ်မှုနဲ့ပတ်သက်ပြီး ဘယ်အဖွဲ့က ပြုလုပ်ခဲ့တယ်ဆိုတာကို ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့တွေဘက်က ထုတ်ပြန်လာတာမျိုးတော့ မရှိသေးပါဘူး။
တိုက်ခိုက်ခံရပြီးနောက်ပိုင်း စစ်ကောင်စီဘက်မှ လေကြောင်းကနေ လေယာဉ်ပျံဝဲနေတာမျိုးတွေကို လုပ်ဆောင်နေတယ်လို့ မြို့ဒေသခံတွေက ဆိုပါတယ်။