
တနင်္သာရီတိုင်း၊ ပုလောမြို့၊ အမှတ် ၂ ရပ်ကွက်ရှိ အရက်ဆိုင်မှာ မေ ၆ ရက်နေ့၊ ညနေ ၅ နာရီခွဲဝန်းကျင်လောက်က အရက်ထိုင်သောက်နေတဲ့ ပျူခေါင်းဆောင် ၃ ယောက်အား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ပုလော PDF က ပြောပါတယ်။
ပစ်သတ်ခံရတဲ့သူတွေဟာ ပုလောကုန်းရွာမှ ပျူစောထီးခေါင်းဆောင် ဦးကုလားနီ၊ ပလမြို့မှ ပျူစောထီးခေါင်းဆောင် ဦးကျော်သူရနဲ့ ပုလောမြို့အမှတ် ၂ ရပ်ကွက် ပျူစောထီးခေါင်းဆောင် ဦးသန်းနိုင် တို့ဖြစ်တယ်လို့ ဆိုပါတယ်။
ပုလော PDF သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံက “ပျူစောထီးခေါင်းဆောင်တွေက တိုက်ပွဲအတွင်း ပြည်သူနေအိမ်တွေကို မီးရှို့ခဲ့တဲ့ တရားခံတွေလည်းဖြစ်တယ်။ ပြည်သူတွေအပေါ်မှာ ခြိမ်းခြောက်ငွေညစ်တာတွေ၊ လူငယ်တွေကို အတင်းအဓမ္မဖမ်းဆီးတာတွေကြောင့် ပစ်ခတ်ရှင်းလင်းရတာပါ” လို့ ပြောပါတယ်။
ပျူစောထီးခေါင်းဆောင် ၃ ယောက်လုံး အဆိုပါအရက်ဆိုင်အတွင်းမှာပဲ သေနတ်ဒဏ်ရာနဲ့ သေဆုံးသွားပြီး ပစ္စတို ၁ လက်၊ ကျည်၊ ဖုန်း ၁ လုံးနဲ့ စာရွက်စာတမ်းတချို့ကို သိမ်းဆည်းရမိတယ်လို့ ဆိုပါတယ်။
အဆိုပါတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင်၊ အမှတ် ၁ တပ်ရင်းနဲ့ မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်းပြီး လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။