Home
မြန်မာသတင်း
ကျောက်ပန်းတောင်းမြို့နယ်၌ စစ်ကောင်စီတပ်က  ပြည်သူ ၂ ဦးကို သတ်ဖြတ်
DVB
·
May 7, 2025

မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်ထဲကို စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေဟာ မေ ၄ ရက်နဲ့ ၅ ရက်တွေမှာ အရပ်သား ၂ ယောက်ကို သတ်ဖြတ်ခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။

ညောင်ဦးအခြေစိုက်တော်လှန်ရေးတပ်ဖွဲ့တခုရဲ့ ဒုတာဝန်ခံက “ငါ့သရောက်မြို့နယ်ခွဲကနေ အင်အား ၁၂၀ ဝန်းကျင်လောက်နဲ့ ထွက်လာတဲ့ စစ်တပ်စစ်ကြောင်းက ကျောက်ပန်းတောင်း တောင်ဘက်ခြမ်းမှာရှိတဲ့ ရွာတွေဘက်ကို စစ်ကြောင်းထိုးရင်း အရပ်သားပြည်သူ ၃၀ ကျော်လောက်ကို လူသားဒိုင်းလုပ်ပြီး ဖမ်းခေါ်သွားကြတယ်။ အပြစ်မဲ့ပြည်သူ ၂ ယောက်ကိုလည်း အကြောင်းမရှိ သတ်ဖြတ်သွားကြတယ်” လို့ ပြောပါတယ်။

အဲဒီစစ်ကောင်စီစစ်ကြောင်းဟာ ပြီးခဲ့တဲ့ မေ ၂ ရက်ကစတင်ပြီး ကျောက်ပန်းတောင်းမြို့ရဲ့ တောင်ဘက်ခြမ်းမှာ ရှိကြတဲ့ ကမ်းဖြူ၊ ကြို့ပင်သာ၊ ထောက်ဝ၊ ကူတော၊ အို့ရင်းနဲ့ ကြီးကန်ကျေးရွာတွေဘက်ကို စစ်ကြောင်းထိုးရင်း အပြစ်မဲ့ပြည်သူတွေကို သတ်ဖြတ်သွားတာလို့ ဆိုပါတယ်။

ညောင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံက“ကျနော်တို့ သိရတာတော့ ပြည်သူ ၂ ယောက် အသတ်ခံရတယ်ပေါ့နော်။ အသတ်ခံရတဲ့ ၂ ယောက်လုံး ကမ်းဖြူရွာကပါ။ တယောက်က ကမ်းဖြူ လယ်ပြင်သာတဲတိုက်က ကိုရင်လူထွက် ထန်းတက်သမား ကိုရင်ကြီး ဆိုတဲ့ အသက် ၂၀ တောင်မပြည့်သေးတဲ့ လူငယ်ပါ။ သူက စစ်ကြောင်းဝင်လာလို့ ထွက်ပြေးတာကို နောက်ကနေ စစ်သား ၃၊ ၄ ယောက်က သေနတ်နဲ့ လိုက်ပစ်တာခံရတာ။ ပေါင်နဲ့ဗိုက်တွေကို ကျည်ထိပြီး နေရာတင် ပွဲချင်းပြီးဆုံးသွားတာပါ။ နောက်တယောက်က ကိုအောင်ဆန်းဝင်း ပါ။ သူကတော့ အသက် ၃၀ လောက်ရှိမယ်။ နောက်တနေ့ စစ်ကြောင်းပြန်ထွက်ခါနီးမှာ ခြေထောက်တွေ ကြိုးနဲ့ချည်ထားပြီးတော့ ဗိုက်ကို ဓားနဲ့ခွဲ၊ လည်ပင်းလှီးပြီး ရက်ရက်စက်စက် သတ်ဖြတ်သွားခဲ့ကြပြီးတော့ စစ်ကြောင်းက ငါ့သ​ရောက်မြို့နယ်ခွဲဘက်ကို ပြန်ဆုတ်သွားကြတယ်” လို့ DVB ကို ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ထန်းတက်သမား ကိုရင်ကြီးကို မေ ၄ ရက်နဲ့ ကိုအောင်ဆန်းဝင်း ကို မေ ၅ ရက် မနက်ပိုင်းမှာ သတ်ဖြတ်ခဲ့တာလို့ ဆိုပါတယ်။

ဧပြီ ၂၆ ရက်မှာ ငါ့သရောက်မြို့နယ်ခွဲရဲစခန်းကနေ ထွက်လာတဲ့ အဆိုပါ စစ်ကောင်စီစစ်ကြောင်းဟာ ကျောင်ပန်းတောင်းမြို့နယ်ထဲအရောက် ဧပြီ ၂၇ ရက်ကစတင်ကာ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ၂ ရက်ဆက် ကြားဖြတ်တိုက်ခိုက်ခံခဲ့ရလို့ အများအပြား သေဆုံး ဒဏ်ရာရခဲ့ကြပြီး စစ်သုံ့ပန်း ၂ ဦးကို အရှင်ဖမ်းမိခဲ့သလို လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။

ကျောက်ပန်းတောင်း
စစ်ကောင်စီတပ်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013