
ပြီးခဲ့တဲ့ ဧပြီလအတွင်း မန္တလေးတိုင်း အမရပူရမြို့နယ်နဲ့ ပုသိမ်ကြီးမြို့နယ်ထဲက လေထုညစ်ညမ်းမှုဟာ ကျန်းမာရေးကို ထိခိုက်နိုင်တဲ့ အခြေအနေအထိ ဆိုးရွားခဲ့တယ်လို့ စစ်ကောင်စီ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက ဧပြီ ၆ ရက်မှာ ထုတ်ပြန်ပါတယ်။
ရှမ်းပြည်နယ်က တာချီလိတ်နဲ့ ကျိုင်းတုံမြို့တို့မှာလည်း ခံနိုင်ရည်နည်းပါးသူတွေ ထိခိုက်နိုင်တဲ့အဆင့်မှာ ရှိနေတယ်လို့ ဆိုပါတယ်။
လေထုအရည်အသွေးကို တိုင်းတာရာမှာ PM 2.5 လို့ ခေါ်တဲ့ လေမှာပါတဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ အမှုန်ပါဝင်နှုန်းကို အဓိထားတိုင်းတာဖြစ်ပြီး အဲဒီအမှုန်တွေက ဆံချည်မျှင်ထက် ၂၅ ပုံ တပုံပဲ ရှိတာဖြစ်ပါတယ်။
PM 2.5 အမှုန်တွေဟာ လေထဲမှာ အချိန်အတော်ကြာအောင် တည်ရှိနိုင်ပြီး အသက်ရှူတဲ့အခါ အဆုတ်ရဲ့ အတွင်းပိုင်းအထိ ရောက်ရှိနိုင်တာကြောင့် နှလုံးရောဂါ၊ အဆုတ်ရောဂါနဲ့ တခြား အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။
စက်ရုံတွေကထွက်တဲ့ မီးခိုးငွေ့နဲ့ အမှုန်အမွှားတွေ၊ ဆောက်လုပ်ရေးလုပ်ငန်းခွင်က ဖုန်မှုန့်တွေကနေ PM2.5 တွေ ထွက်လာနိုင်ပြီး မန္တလေးမှာ လက်ရှိ ငလျင်ဒဏ်ကို အကြီးအကျယ်ခံခဲ့ရလို့ အဆောက်အအုံတွေ ပြိုကျတာ၊ ဖြိုဖျက်ရတာတွေကြောင့်လည်း အခုလို လေထုညစ်ညမ်းတာဖြစ်နိုင်ပါတယ်။
မန္တလေး ဒေသခံတယောက်က “ငလျင်ကြောင့် အမရပူရဘက်ကျ ဖြိုပျက်တာတွေ ရှိတယ်။ လက်ရှိ မီးမှန်တာတွေကြောင့် မီးစက်တွေ မောင်းကြသလို ပုသိမ်ကြီး မေမြို့တက်တဲ့နေရာ ထုံးဘိုဘက် လေထုညစ်ညမ်းတာကတော့ ကျောင်တောင်တွေ ဖြိုကြတာ၊ အဲဒီကအမှုန်တွေက ဖြစ်နိုင်တယ်။ လေထုညစ်ညမ်းမှုက ခုလို နွေရာသီပိုဆိုးတယ်” လို့ ပြောပါတယ်။
အခု ထုတ်ပြန်ချက်မှာပါတဲ့ မြို့နေရာတွေထဲက ရန်ကုန်၊ ရွှေပြည်သာကလွဲလို့ ကျန်တဲ့နေရာအားလုံးမှာ PM 2.5 ပါဝင်နှုန်းဟာ လေထုအရည်အသွေးကောင်းမွန်တဲ့အဆင့်ထက် တဆင့်နိမ့်တဲ့ လက်ခံနိုင်တဲ့ အဆင့်မှာပဲ ရှိနေတာပါ။
ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက သူတို့အနေနဲ့ တိုင်းနဲ့ပြည်နယ်တွေက သတ်မှတ် နမူနာ နေရာတွေမှာ တပ်ဆင်ထားတဲ့စက်တွေကနေ အဓိကတိုင်းတာမှု အညွှန်းကိန်းတွေဖြစ်တဲ့ PM 2.5၊ PM 10၊ Sulphur Dioxide၊ Nitrogen Dioxide၊ Ozone နဲ့ Carbon Monoxide တို့ကို ပုံမှန်တိုင်းတာပြီး လေ့လာဆန်းစစ်နေတယ်လို့ ဆိုပါတယ်။
ကမ္ဘာ့နိုင်ငံတွေရဲ့ လေထုအရည်အသွေးကို အချိန်နဲ့တပြေးညီ တိုင်းတာဖော်ပြနေတဲ့ IQAir ကတော့ မန္တလေးရဲ့ လက်ရှိလေထုမှာပါတဲ့ PM 2.5 ဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ နှစ်စဉ် PM 2.5 လမ်းညွှန်တန်ဖိုးထက် ၇ ဆနီးပါ ပိုများနေတယ်လို့ ထုတ်ပြန်ထားပါတယ်။
Source: MONREC