
မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်ထဲကို စစ်တပ်က မေ ၆ ရက် နေ့လယ် ၂ နာရီဝန်းကျင်မှာ လေကြောင်းတိုက်ခိုက်ခဲ့လို့ ပြည်သူတချို့ ထိခိုက်သေဆုံးခဲ့ကြကာ လူနေအိမ် အဆောက်အအုံတွေလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ နွားထိုးကြီးမြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီကနေ သိရပါတယ်။
နွားထိုးကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ လူ့အခွင့်အရေးတာဝန်ခံက “နွားထိုးကြီးမြို့နယ်ထဲက မာန်လည်ရွာကို ဗုံးကြဲသွားပြီးတော့ စက်သေနတ်တွေနဲ့ ပစ်ခတ်တာ ခံလိုက်ရတာပါ။ ပြည်သူ ၃ ယောက် သေဆုံးတယ်။ ဒဏ်ရာရတဲ့သူတွေက ၅ ယောက်ထက်မနည်း ရှိတယ်။ လူနေအိမ်တွေ ပျက်စီးကြတယ်လို့တော့ ကနဦး သိရပါသေးတယ်။ အတိအကျတော့ မဟုတ်သေးဘူး။ အတိုးအလျော့ ရှိနိုင်ပါတယ်ဗျ” လို့ ပြောပါတယ်။
ပြည်သူတွေအနေနဲ့ စစ်ကောင်စီရဲ့ အပစ်အခတ်ရပ်စဲတဲ့ ကြေညာချက်တွေအပေါ်မှာ မယုံကြည်ကြဘဲ မိမိတို့လုပ်စရာရှိတဲ့ ဗုံးခိုကျင်းတူးတာတွေနဲ့ လေကြောင်းရန်ကာကွယ်ရေး အစီအမံတွေကို သေချာပြုလုပ်ထားကြဖို့ အထူးလိုအပ်တယ်လို့လည်း ဆိုပါတယ်။
နွားထိုးကြီး ပကဖ ရဲ့ ပြန်ကြားရေးတာဝန်ခံက “လေကြောင်းတိုက်ခိုက်တာက မာန်လည်ရွာထဲကို အတည့်လုပ်သွားတာဖြစ်လို့ ပြည်သူတွေ အသေအပျောက် ရှိတယ်။ မာန်လည်ရွာထဲမှာ တိုက်ပွဲဖြစ်တာမရှိဘဲနဲ့ ဗုံးလာကြဲသွားတာ ဖြစ်တယ်။ ညနေပိုင်းအထိ လေယာဥ်တွေဝဲနေလို့ ထိခိုက်သေဆုံးတဲ့ အခြေအနေကို မသိရသေးတာပါ” လို့ DVB ကို ပြောပါတယ်။
စစ်ကောင်စီက မေ ၆ ရက်ကစတင်ပြီး မေ ၃၁ ရက်အထိ အပစ်အခတ်ရပ်စဲတယ်လို့ တတိယအကြိမ်မြောက် ထုတ်ပြန်ကြေညာခဲ့ပြီး နာရီပိုင်းအတွင်းမှာပဲ မာန်လည်ကျေးရွာကို အခုလို လေကြောင်းတိုက်ခိုက်ခဲ့တာလို့လည်း သူက ပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၇ ရက်ကလည်း မာန်လည်ကျေးရွာထဲကို စစ်ကောင်စီလက်အောက်ခံ မြင်းခြံအခြေစိုက် ခမရ ၁၅ ထဲကနေ ဟောင်ဝှစ်ဇာလက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ဘုန်းကြီးကျောင်းဆောင်တွေနဲ့ လူနေအိမ်တွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ နွားထိုးကြီးမြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီကနေ သိရပါတယ်။