Home
မြန်မာသတင်း
မှော်ဘီမြို့နယ်တွင် စစ်မှုထမ်းအကြောင်းပြပြီး အုပ်ချုပ်ရေးမှူးတချို့ ငွေညှစ်
DVB
·
May 7, 2025

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်က ရပ်ကျေးအုပ်ချုပ်ရေးမှူးနဲ့ အုပ်ချုပ်ရေးအဖွဲ့ဝင်တချို့အနေနဲ့ စစ်မှုထမ်းကိစ္စကို အကြောင်းပြပြီး လစဥ်ကြေးငွေကောက်တာတွေ ပြန်လုပ်လာတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်မှုထမ်း ဆင့်ခေါ်ခံရသူတွေကို ပြန်လည်ထောက်ပံ့ပေးဖို့အတွက်ဆိုကာ တအိမ်ကို တလ ၅၀၀၀ ကျပ် ပေးသွင်းရမယ်ဆိုပြီး ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်တွေက အသိပေးလာတာလို့ ဆိုပါတယ်။

မှော်ဘီမြို့၊ ရဲဘော်ဈေးအနီး နေထိုင်သူတယောက်က “ပြီးခဲ့တဲ့ သုံးလလောက်ကတည်းက လစဥ်ကြေး မကောက်ဖြစ်လို့ဆိုပြီး ကနဦး သုံးလစာ ၁၅,၀၀၀ သွင်းဖို့ ပြောတယ်။ နောက်လတွေမှာ တလကို တအိမ် ၅၀၀၀ ပုံမှန်ပေးရမယ်တဲ့။ ပိုက်ဆံပေးလည်း အထက်က စစ်မှုထမ်းဖို့ ဆင့်ခေါ်ခံရရင် တာဝန်မယူနိူင်ဘူးလည်း ပြောတယ်။ တကယ်လို့ စစ်မှုထမ်းဖို့ ရွေးခံရရင် အဲဒီသူကို ထောက်ပံ့ပေးဖို့ဆိုပြီး အကြောင်းပြကောက်တာ” လို့ ပြောပါတယ်။

မှော်ဘီမြို့နယ်က ရပ်ကွက်တော်တော်များများမှာ စစ်မှုထမ်းကိစ္စကို အကြောင်းပြုပြီး ရပ်ကျေးရုံးတွေက ငွေကောက်တာမျိုး အရင်ကရှိခဲ့ပြီး အချိန်အတန်ကြာ ငြိမ်နေရာကနေ အခုမှ ပြန်စလာတာမျိုး တွေ့ရတယ်လို့ ဒေသခံတချို့က ပြောပါတယ်။

မှော်ဘီ လေတပ်စခန်းအနီး နေထိုင်သူတယောက်က “အရင်ကတော့ အဲဒီလို ကောက်တာ တော်တော်ကြားရတယ်။ နောက်ပိုင်း တပ်ဘက်က ဆဲလို့ဆိုလား၊ အရပ်ဘက်ကလူတွေ မကောက်ရဲတော့ဘူး ကြားတယ်။ အခုပြန်လုပ်လာတဲ့သဘောပဲ” လို့ ပြောပါတယ်။

ဒါအပြင် အဲဒီမြို့နယ်အတွင်းက ရပ်ကျေးအုပ်ချုပ်ရေးမှူးတချို့က အရင် အိမ်၊ ခြံ မြေ ရောင်းဝယ်ထားတဲ့ စာချုပ်တွေကို လက်ရှိ ရုံးတံဆိပ်တုံးထု၊ လက်မှတ်ထိုးပေးမှာဖြစ်ပြီး အဲဒီလိုလုပ်မှ ပိုင်ဆိုင်မှုအပေါ် အာမခံပေးမယ်ဆိုကာ တအိမ် ကျပ် ၂ သိန်းခွဲနှုန်း ကောက်တာမျိုးတွေ ရှိနေတယ်လို့လည်း ရဲဘော်ဈေးမှာ နေထိုင်သူတယောက်က ပြောပါတယ်။

စစ်မှုထမ်း
မှော်ဘီ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013