
ရန်ကုန်မြို့မှာ မေ ၆ ရက် ညပိုင်းက ငလျင် ၂ ကြိမ် သိသိသာသာလှုပ်ခတ်ခဲ့တာကြောင့် မြို့ခံတွေ ထိတ်လန့်ပြီး အထက်မြင့်တိုက်ခန်းနေပြည်သူတွေ စိုးရိမ်ထိတ်လန့်ပြီး လမ်းမတွေပေါ် ပြေးဆင်းခဲ့ကြပါတယ်။
ငလျင်လှုပ်ခတ်မှုကို ရန်ကုန်မှာရှိတဲ့ မြို့နယ်တော်တော်များများမှာ သိသိသာသာခံစားခဲ့ကြ ရတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။
ရန်ကုန်မြို့က အထပ်မြင့်တိုက်ခန်းတွေမှာ နေထိုင်ကြသူတွေတချို့ကတော့ အိမ်ပေါ်ပြန် မတက်ရဲကြဘဲ လမ်းမတွေပေါ်မှာ ညနက်တဲ့အထိ နေကြတဲ့အခြေအနေ ဖြစ်ခဲ့ပါတယ်။
မေ ၆ ရက် မြန်မာစံတော်ချိန် ည ၁၀ နာရီ ၅၅ မိနစ်လောက်မှာ ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ ဇရပ်ကွင်းအနီး၊ မြေအောက်အနက် ၁၀ ကီလိုမီတာကိုဗဟိုပြုပြီး ရစ်ချ်တာစကေး ၃ ဒသမ ၇ ရှိ အင်အားအနည်းငယ်ရှိ မြေငလျင်တခုနဲ့ ည ၉ နာရီ မိနစ် ၄၀ မှာ ရစ်ချ်တာစကေး ၂ ဒသမ ၉ ရှိ မြေငလျင်ငယ်တခု လှုပ်ခတ်ခဲ့တာလို့ NUG လူသားချင်းစာနာ ထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီလက်အောက်ခံ မိုးဇလဌာနကလည်း ည ၁၀ နာရီ ၅၅ မိနစ် ၃၆ စက္ကန့် အချိန်မှာ ကမ္ဘာအေးမြေငလျင်စခန်းမှ အရှေ့မြောက်ဘက် ၆ မိုင်လောက် ကွာဝေးတဲ့ လှည်းကူးမြို့ တောင်-အနောက်တောင်ဘက် ၁၀ မိုင်ခန့်အကွာ အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး အင်အားရစ်ချ်တာစကေး ၃ ဒသမ ၄ အဆင့်ရှိ အင်အားအနည်းငယ်ရှိ မြေငလျင်လှုပ်သွားတာလို့ ထုတ်ပြန်ပါတယ်။
ဒါ့အပြင် မန္တလေးတိုင်းမှာလည်း ညသန်းခေါင်ကျော် မေ ၇ ရက် မနက် ၁ နာရီ ၂၆ မိနစ် ၂၆ စက္ကန့်အချိန်လောက်မှာ မန္တလေးမြို့ရဲ့ အရှေ့မြောက်ဘက် ၃ မိုင်လောက်အကွာ၊ အနက် ၁၅ မီတာကို ဗဟိုပြုပြီး အင်အား ရစ်ချ်တာစကေး ၃ ဒသမ ၈ ရှိမြေငလျင်လှုပ်သွားတယ်လို့လည်း မိုးဇလက ထုတ်ပြန်ထားပါတယ်။
NUG လူသားချင်းစာနာ ထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန ထုတ်ပြန်ချက်မှာတော့ မေ ၇ ရက်၊ မြန်မာစံတော်ချိန် မနက် ၁ နာရီ ၂၇ မိနစ်လောက်မှာ မန္တလေးတိုင်း၊ ကျောက်ဆည်မြို့အရှေ့မြောက်ဘက် ၂၅ ကီလိုမီတာအကွာ၊ မြေအောက်အနက် ၁၀ ကီလိုမီတာကိုဗဟိုပြုပြီး ရစ်ချ်တာစကေး ၄ ဒသမ၄ ရှိ မြေငလျင်တခု ထပ်မံလှုပ်ခတ်ခဲ့တာလို့ ထုတ်ပြန်ပါတယ်။
မတ်လ ၂၈ ရက်က စစ်ကိုင်းကိုဗဟိုပြုခဲ့တဲ့ အင်အားပြင်းငလျင်ကြီးကြောင့် ထိခိုက်သေဆုံးမှု များခဲ့လို့ ငလျင်နဲ့ပတ်သက်တဲ့ စိုးရိမ်ချက်တွေလည်း လူထုကြားမြင့်တက်ခဲ့ပါတယ်။
စစ်ကိုင်းငလျင်ကြီးရဲ့ နောက်ဆက်တွဲ ငလျင်ငယ်တွေ ဆက်လက်လှုပ်ခတ်နိုင်လို့ ငလျင်ဘေးဆောင်ရန်၊ ရှောင်ရန်၊ သတိပြုရန်အချက်တွေနဲ့ အညီ နေထိုင်ကြဖို့ NUG က အသိပေးကြေညာထားပါတယ်။