
ယီမင်ဝန်ကြီးချုပ် အာမဒ်အာဝဒ်ဘင်မူဘာရက်ခ်ဟာ စနေနေ့က သမ္မတခေါင်းဆောင်မှုကောင်စီ (PLC) ဆီမှာ နုတ်ထွက်စာတင်ခဲ့ပြီးတဲ့နောက် ကောင်စီက ဘဏ္ဍာရေးဝန်ကြီး ဆာလေး ဘင်ဘဲရိခ်ကို ဝန်ကြီးချုပ်နေရာ ဆက်ခံသူအဖြစ် ခန့်အပ်ခဲ့ပါတယ်။
တရားဝင်နုတ်ထွက်စာထဲမှာ ဘင်မူဘာရက်ခ်က အစိုးရကို အပြောင်းအလဲလုပ်ပြီး လိုအပ်တဲ့ အဖွဲ့အစည်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေကို အကောင်အထည်ဖော်ဖို့ ဖွဲ့စည်းပုံအခြေခံ ဥပဒေက ပေးထားတဲ့ ဝန်ကြီးချုပ်ဩဇာကို ကျင့်သုံးခြင်း အပါအဝင် အခက်အခဲတွေ အများကြီးကို ကြုံတွေ့ခဲ့ရတယ်လို့ ထုတ်ပြောထားပါတယ်။
ယီမင်မှာ ဟူသီတပ်ဖွဲ့တွေနဲ့ ပဋိပက္ခတွေ ဆက်ဖြစ်နေပြီး စီးပွားရေး မတည်ငြိမ်မှုတွေ အပါအဝင် စိန်ခေါ်မှု အများအပြားကို ဆက်ရင်ဆိုင်နေရချိန်မှာ ဝန်ကြီးချုပ်က ရာထူးကနေ နုတ်ထွက်ခဲ့တာလည်း ဖြစ်ပါတယ်။
ဝန်ကြီးချုပ်က ရာထူးကနေ နုတ်မထွက်မီ ဧပြီလမှာ အစိုးရအဖွဲ့ဝင် ဝန်ကြီး ၁၈ ယောက်က ဝန်ကြီးချုပ် ရာထူးကနေ နုတ်ထွက်ဖို့ တောင်းဆိုတဲ့ စာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့လို့ နိုင်ငံတကာ အသိအမှတ်ပြု ယီမင်အစိုးရအတွင်း ပြင်းထန်တဲ့ အကွဲအပြဲတွေကို မီးမောင်းထိုးပြခဲ့ပါတယ်။
ဘင်မူဘာရက်ခ်ဟာ ဖေဖော်ဝါရီ ၅ ရက်၊ ၂၀၂၄ ခုနှစ်ကတည်းက ဝန်ကြီးချုပ်ရာထူးကို ထမ်းဆောင်ခဲ့သူပါ။
သူဟာ ဝန်ကြီးချုပ်အဖြစ် ခန့်အပ်မခံရမီ နိုင်ငံခြားရေးဝန်ကြီးနဲ့ အမေရိကန်နိုင်ငံဆိုင်ရာ သံအမတ်ကြီး အပါအဝင် ရာထူးကြီးတွေ အများကြီးအတွက် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
ဘင်မူဘာရက်ခ် ရာထူးကဆင်းပြီး နာရီပိုင်းအကြာမှာပဲ ဆာလမ် ဆာလေး ဘင်ဘဲရိခ်ကို ၀န်ကြီးချုပ်သစ်အဖြစ် PLC က ခန့်အပ်ဖို့ ဆုံးဖြတ်ချက်ကို ယီမင်အစိုးရပိုင် ဆာဘာ သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
ဘင်ဘဲရိခ်ဟာ ၂၀၁၉ ခုနှစ်ကတည်းက ဘဏ္ဍာရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး အဲဒီမတိုင်မီက ဒုတိယဘဏ္ဍာရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
လုပ်ငန်းခွင်တလျှောက် အဓိက ဘဏ္ဍာရေးနဲ့ စီမံခန့်ခွဲရေးဆိုင်ရာ အခန်းကဏ္ဍတွေမှာ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
ပိုနက်ရှိုင်းတဲ့ ပြဿနာတွေကို မဖြေရှင်းနိုင်သေးဘဲ မှန်းချက်နဲ့ နှမ်းထွက် မကိုက်တဲ့ အစိုးရပဲ ကျန်နေလို့ ဝန်ကြီးချုပ် အပြောင်းအလဲဟာ သင်္ကေတ အရွေ့တခုထက် နည်းနည်းပဲပိုတယ်လို့ ယီမင်နိုင်ငံသား အများအပြားက ပြောဆိုနေကြပါတယ်။
Source: Reuters