
အကျဉ်းထောင်တွေမှာ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ဆေးဝါးမလုံလောက်တာကြောင့် ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ ဧပြီလအထိ နိုင်ငံရေးအကျဉ်းသား စုစုပေါင်း ၉ ယောက် သေဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ဒီကနေ့ မေ ၆ ရက်မှာ ထုတ်ပြန်ထားပါတယ်။
ဇန်နဝါရီ ၁၀ ရက်က ဒိုက်ဦးအကျဉ်းထောင်မှာ အသက် ၂၇ နှစ်အရွယ် ကိုမျိုးမင်းဦးဟာ ဆေးဝါးစောင့်ရှောက်မှု လုံလောက်စွာ မရရှိတာကြောင့် ဆီးကျောက်ရောဂါနဲ့ သေဆုံးခဲ့ပြီး ကိုမိုးကျော်ဟာလည်း သွေးတိုး၊ ဆီးချိုရောဂါနဲ့ သေဆုံးခဲ့ပါတယ်။
ဇန်နဝါရီ ၅ ရက်ကလည်း သာယာဝတီထောင်မှာ ကိုသူရအောင်ဟာ ဆေးဝါးစောင့်ရှောက်မှု လုံလောက်စွာ မရရှိလို့ ရုတ်တရက် နှလုံးဖောက်ပြီး သေဆုံးခဲ့ရပါတယ်။
အလားတူ မြောင်းမြထောင်မှာလည်း ကိုကျော်ဇင်လတ်ဟာ အစာအိမ်ရောင်ရောဂါနဲ့ သေဆုံးခဲ့ပြီး ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခံထားရတဲ့ ကိုဟိန်းမင်းသူဟာလည်း အတက်ရောဂါနဲ့ သေဆုံးခဲ့ပါတယ်။
အလားတူ အိုးဘိုအကျဉ်းထောင်မှာ ဒေါ်စန်းရီ၊ ကိုအောင်ထွန်း၊ ကိုသီဟ၊ ဦးလူအောင် တို့ဟာလည်း ကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာ မရရှိတာကြောင့် အသက်သေဆုံးခဲ့ရပါတယ်။
လက်ရှိအချိန်ထိ အကျဉ်းထောင်ထဲမှာ သေဆုံးသူ စုစုပေါင်း ၉ ယောက်အထိ ရှိလာပေမဲ့လည်း ထောင်တွင်း လုံလောက်တဲ့ ဆေးဝါးကုသမှု မရရှိတာအပြင် တခြား လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေကိုလည်း များစွာ ကြုံတွေ့ခံစားနေကြရတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ကေခိုင်