Home
ဆောင်းပါး
လေးနှစ်သား PDF 
မောင်တူး
·
May 6, 2025

P D F များ၊ လေးနှစ်သားတွင်

အင်အားကြီးလာ၊ သတိသာထား

ဗိုလ်ချုပ်များက၊ မှာကြားနေပြီ

စစ်ကောင်စီ၏အစည်းအဝေးတွင်ပါတကား။ ။

လေးနှစ်သား PDF စတင် ဖွဲ့စည်းတဲ့ မေလ ၅ ရက် မရောက်ခင် နှစ်ပတ်အလို ဧပြီ ၂၁ ရက်က PDF များ အင်အားကြီးမားလာနေလို့ သတိထားကြဖို့ အာဏာသိမ်း ဒုစစ်ခေါင်းဆောင်က နေပြည်တော် စစ်တိုင်းအစည်းအဝေးမှာ ပြောခဲ့တယ်။ စစ်ခေါင်းဆောင်တွေ PDF ကို ကြောက်နေပြီ။

PDF ဆိုတာ

ယဉ်ကျေးမှုဝန်ကြီးဌာန သမိုင်းသုတေသနဌာန CDM ညွှန်ကြားရေးမှူး ဒေါက်တာထားထားပါက “PDF တွေကို ကျမတို့က ထောက်ပံ့ရမှာပေါ့။ ကူညီရမှာပေါ့။ လှူကြရမှာပေါ့။ သူတို့က ကျမတို့ကို ကာကွယ်ပေးနေတာလေ” လို့ ပြောပါတယ်။

မှန်စွစကားပါ။ ဝီကီပီးဒီးယားမှာတော့ ပြည်သူ့ကာကွယ်ရေးတပ်မတော် People's Defence Force PDF သည် မြန်မာနိုင်ငံ၏ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) မှ ၂၀၂၁ မေလ ၅ ရက်တွင် ဖွဲ့စည်းလိုက်သော တရားဝင်လက်ရုံးတပ်မတော်ဖြစ်ပြီး ဖက်ဒရယ်တပ်မတော်၏ ရှေ့ပြေးအဖြစ်လည်း သတ်မှတ်ထားသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကတော့ ၎င်းထိန်းချုပ်ထားသည့် နိုင်ငံတော်ပိုင်မီဒီယာဖြစ်သည့် မြဝတီ MWD မှ PDF နှင့် NUG အား အကြမ်းဖက်သူများအဖြစ် တန်ပြန်ကြေညာခဲ့သည်လို့ ဖော်ပြထားတယ်။ 

အာဏာရှင်ကြီး နေဝင်းရဲ့မြေး အေးနေဝင်းကဆိုရင် “PDF တွေတိုက်လို့ တပ်မတော်က ဘာမှ ဖြစ်မသွားဘူး။ PDF တိုက်လို့ ဗိုလ်မှူးကြီးတယောက်လောက်တောင် အိပ်ရေးပျက်မသွားဘူး” လို့ ပြောခဲ့ဖူးတယ်။ အခုတော့ PDF တပ်တွေက မြို့တွေကို သိမ်းနေပြီ။ အာဏာသိမ်း စစ်ကောင်စီ ဒုခေါင်းဆောင် စိုးဝင်းတောင် တုန်လှုပ်ချောက်ချားနေပြီလေ။

PDF အင်အားကြီးလာလို့ သတိထားကြဖို့ ဒုစစ်ခေါင်းဆောင်ပြော

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ မြှောက်ပင့်ပေးမှုကြောင့် PDF တွေ အင်အားကြီးထွားလာတာကြောင့် တပ်ရင်းတပ်ဖွဲ့တွေ သတိထားဖို့နဲ့ ရန်သူကို အထင်မသေးဖို့ ဒုစစ်ခေါင်းဆောင်က ပြောပါတယ်။

ဧပြီလ ၂၀ ရက်နေ့က နေပြည်တော် တိုင်းစစ်ဌာနချုပ်မှာ ငလျင်ဘေးအတွက် ကူညီထောက်ပံ့ရေး အစည်းအဝေးလုပ်ရာမှာ ဒုစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက လက်တလောဖြစ်နေတဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး ကစထမှူးတွေနဲ့ တိုင်းမှူးအချို့ကို ပြောဆိုခဲ့တာလို့ နေပြည်တော်တိုင်းစစ်ဌာနချုပ် (နပတ) နဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်က DVB ကို ပြောပါတယ်။

“ငလျင်ဘေးလည်းလုပ်၊ PDF တွေရဲ့ သတင်းလည်းနားစွင့်။ အခုဆို PDF တွေက နေပြည်တော်အထိ ခြိမ်းခြောက်လာတယ်၊ တဖက်မှာ တိုင်းရင်းသားလက်နက်ကိုင်တွေက မြှောက်ပေးနေတော့ အင်အားက တစစကြီးထွားလာတယ်။ ဒါကြောင့် တိုက်ပွဲတွေဖြစ်ရင် ရဲရဲတိုက်၊ ရဲရဲချေမှုန်းဖို့လိုတယ်၊ ဖြစ်လာလို့ အဖမ်းခံရရင် ကိုယ်ဖြစ်ကိုယ်ခံ၊ ဘယ်သူမှ မကယ်ဘူး၊ ဒုချုပ်က ပြောတယ်။”

ဒါ့အပြင် စစ်ဆင်ရေးမဟုတ်ဘဲ အလုပ်ကိစ္စနဲ့ ခရီးသွားလာရာမှာ မိမိကိုယ်ကို တပ်ကသူမှန်း မသိအောင် ရုပ်ဖျက်သွားလာရမည်ဖြစ်ပြီး တာဝန်ရှိသူ အဆင့်ဆင့်ကို သတင်းပို့ဖို့လည်း ပြောဆိုခဲ့တယ်လို့ သူက ရှင်းပြပါတယ်။ အခုလို ပြောဆိုတာဟာ ဧပြီ ၁၉ ရက်က နေပြည်တော်ကောင်စီ နယ်မြေထဲမှာ မကွေးတိုင်း ဆင်ပေါင်ဝဲမြို့နယ်ထဲ ကပစ ၁၃ က ထုတ်လုပ်ရေးမှူး ဗိုလ်မှူး အပါအဝင် ၃ ယောက်ကို PDF တွေ ဖမ်းဆီးသွားပြီးနောက် သတိပေးပြောဆိုတာလို့ ကပစနဲ့နီးစပ်တဲ့ သတင်းအရင်းအမြစ်က DVB ကို ပြောပါတယ်။

“ကပစ ၁၃ က စက်ရုံမှူးလည်း အဲ့ကိစ္စနဲ့ ရှင်းနေရတယ်။ အဖမ်းခံရတာလည်း နေပြည်တော်ဆက်စပ်နယ်မြေထဲမှာ ပိုဆိုးတယ်။ ပြောရရင် နေပြည်တော်ကို PDF တွေက ခြိမ်းခြောက်လာတယ်ဆိုတဲ့ သဘော။”

စစ်တပ်အာဏာသိမ်းပြီး ဒုစစ်ခေါင်းဆောင် စစ်ရေးကို ကိုင်တွယ်ရချိန်မှာ တိုင်းစစ်ဌာနချုပ် ၂ ခုနဲ့ တပ်ရင်းတပ်ဖွဲ့စခန်း ၁၀၀ ကျော်ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နဲ့ PDF တပ်တွေက တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပါတယ်။

PDF များ ဘာပြောထားသလဲ

တိုက်ပွဲမှာ ခြေတဖက်ဆုံးရှုံးထားရတဲ့ PDF ရဲဘော်တယောက်က သူဟာ ခြေတု အမြန်တပ်ပြီး ရှေ့တန်းပြန်သွားချင်တယ်လို့ ပြောနေတယ်။ သူတို့က PDF ရဲဘော် ၂ ယောက်ပဲ။ တယောက်က ဧရာဝတီတိုင်းက ကရင်လူမျိုး PDF ရဲဘော်ဖြစ်ပြီး ခြေတဖက် အတုတပ်တော့မယ့်သူ။ နောက်တယောက်က သူ့ဇနီး PDF ကရင်လူမျိုး ရဲဘော်ပါ။ (မှတ်ချက်။ ။ PDF မှာ ယောက်ျား မိန်းမ ဘယ်သူ့ကိုမဆို ရဲဘော်လို့ပဲ ခေါ်ပါတယ်။) ခြေတုနဲ့ ရဲဘော်က ရှေ့တန်းပြန်ဆင်းသွားပါပြီ။ တိုက်ပွဲဝင်နေပါပြီ။ သူ့ဇနီးက မဲဆောက်က အလှပြင်ဆိုင်မှာ အလုပ်လုပ်ပြီး လခ ဘတ် ၁၀,၀၀၀ ကို သူ့ယောကျ်ားတပ်ရင်းကို လတိုင်း လှူနေပါတယ်။ PDF ဆိုတာ ပြည်တွင်းမှာ စစ်တိုက်နေသူများသာမဟုတ်၊ ပြည်ပ ပြည်တွင်းက ကိုယ့်အလုပ်ကိုယ်လုပ်ပြီး နိုင်သမျှ စွမ်းသမျှ ထောက်ပံ့နေကြသူတိုင်းဟာလည်း PDF များပါပဲ။

PDF ဘယ်ကစသလဲ

ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်ရဲ့ ရှေ့ပြေးအဖြစ် ပြည်သူ့ကာကွယ်ရေးတပ်မတော်ကို ကာကွယ်ရေးဆိုင်ရာ မူဝါဒနဲ့အညီ ၂၀၂၁ ခုနှစ်၊ မေလ ၅ ရက်မှာ ဖွဲ့စည်းထူထောင်တယ်လို့ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း အမိန့်နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ခဲ့တယ်။ အဲဒီထုတ်ပြန်ချက်မှာ စစ်ကောင်စီဟာ တရားဝင် ပြည်သူ့အစိုးရဆီက အာဏာသိမ်းပြီး အစိုးရခေါင်းဆောင်တွေကို ဖမ်းဆီးထိန်းသိမ်းထားရုံမက စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့ ဆန္ဒပြ ပြည်သူတွေကိုလည်း အကြမ်းဖက် နှိပ်စက်သတ်ဖြတ် ထောင်သွင်းအကျဉ်းချ၊ ဖက်ဒရယ်ဒီမိုကရေစီအရေး ကြိုးပမ်းနေကြတဲ့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့တွေ ပြည်သူတွေအပေါ်လည်း လေကြောင်းစစ်ဆင်ရေး အပါအဝင် အင်အားအလွန်အကျွံ အသုံးပြု တိုက်ခိုက်တာလိုမျိုး စစ်ရာဇဝတ်မှုတွေကို ကျူးလွန်နေတာကြောင့် PDF ကို ဖွဲ့စည်းရတာပါလို့ ဖော်ပြထားတယ်။

ပြည်သူ့ဆန္ဒ၊ မဲပေးပြလည်း

မရသောခါ၊ စုကာဆန္ဒ

လမ်းပေါ်ပြခဲ့၊ ပစ်ခတ်တဲ့ခါ

ရှောင်ကာမရ၊ တောခိုကြပြီ

PDF ကို ဖွဲ့သတည်း။ ။

PDF သိမ်းထားသော မြို့ ၉ မြို့

တော်လှန်ရေးတပ်တွေ တိုက်ခိုက် သိမ်းပိုက်ထားတဲ့ မြို့ပေါင်း ၉၀ ရှိလာပါပြီ။ ဒီအထဲမှ PDF သိမ်းထားတဲ့ မြို့ပေါင်းက ၉ မြို့ပါ။ စစ်ကိုင်းတိုင်း အင်းတော်မြို့ကို ၂၀၂၅ ခုနှစ် ဧပြီလ ၂၅ ရက် သိမ်းပါတယ်။ စစ်ကိုင်းတိုင်းမှာ PDF သိမ်းထားတဲ့မြို့တွေကတော့ မော်လူး၊ ရွှေပြည်စိုး၊ ခါမ်းပါတ်၊ တကောင်း၊ ပင်လည်ဘူး၊ မြို့သစ်နဲ့ အင်းတော်မြို့တွေပါ။ စစ်ကိုင်းက မြို့တွေကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလက စတင်သိမ်းခဲ့ပါတယ်။ မန္တလေးတိုင်း စဉ့်ကူးမြို့ကိုတော့ ၂၀၂၄ ခုနှစ် ဇူလိုင် ၂၀ က သိမ်းခဲ့တာပါ။ အာဏာသိမ်းစစ်တပ်ဟာ စစ်မှုမထမ်းမနေရ စစ်သားစုနေပေမဲ့ စစ်ရှုံးမှာပါ။ စစ်သက်ရှည် တပ်မှူး တပ်သားတွေတောင် အလံဖြူတွေထောင်နေ ထွက်ပြေးနေကြတာမို့ အခုမှ ပေါ်တာဆွဲ အဓမ္မ တပ်ထဲဆွဲထည့်ခံရတဲ့ စစ်သားသစ်တွေဆို ပိုဆိုးမှာပေါ့။ တကယ်တမ်းက စစ်ကောင်စီခေါင်းဆောင် မအလ၊ စိုးဝင်းတို့ ကိုယ်တိုင်က မှားမှန်းသိနေပါပြီ။ PDF တွေ အင်အားကြီးလာနေလို့ သတိထားကြ၊ ကိုယ်ဖြစ်ကိုယ်ခံလို့တောင် ပြောနေရပြီ။ ပြေးပေါက်ရှာစ ပြုနေကြပြီ။ တပ်ပျက်နေပါပြီ။

PDF ထောက်ပို့တပ်သားများ နေရာတကာရှိ

လက်နက်ကိုင်တိုက်နေကြသူများသာ PDF မဟုတ်ပါ။ ဗယာကြော် ကြော်နေကြသူများကလည်း PDF ပါ။ ဆံပင်ညှပ် ဆံပင်ကောက် အလှပြင်အလုပ် လုပ်နေကြသူ မိန်းမပျိုလေးများကလည်း PDF ပါပဲ။ ထောက်ပို့ရဲဘော်များပေါ့။ အမေရိကားက လေယာဉ်ကွင်း အလုပ်သမား လူငယ်ကလေးဟာ သူ့ရဲ့ ကားအသစ်ကြီးကို ရောင်းပြီး PDF လှူခဲ့တယ်။ သူကိုယ်တိုင်က စက်ဘီးစီး အလုပ်ဆင်းတယ်။ ဂျပန်ပြည်က ဆယ်ကျော်သက် ဇနီးမောင်နှံဟာ သူတို့လခတွေကို PDF ဆီ အကုန်လှူထားတယ်။ အချိန်ပို Over Time ကြေးတွေကိုသာ သူတို့သုံးတယ်။ တောင်ကိုရီးယားမှာ MFDMC အဖွဲ့ ဖွဲ့ထားပြီး အဖွဲ့ဝင်တွေ များစွာဟာ လစဉ် ဝမ်ငွေ တသိန်းစီ အနည်းဆုံးထည့်ဝင်ကြပြီး PDF ကို အလုံးအရင်းနဲ့ ထောက်ပံ့နေကြတယ်။ အလားတူ ဩစတြေးလျမှာ၊ လန်ဒန်မှာ၊ ကနေဒါမှာ၊ နော်ဝေမှာ၊ စင်ကာပူ၊ ထိုင်း၊ မလေး စသည်ဖြင့် ကမ္ဘာတလွှားမှာ ဆိုပါတော့လေ PDF ထောက်ပို့တပ်သားတွေ၊ PDF တွေ။

PDF လေးနှစ်မြောက်မှသည် ရှေ့ဆက်ချီ

ABSDF ဥက္ကဋ္ဌ ရဲဘော်သံခဲက သူ့ဖေ့စ်ဘုတ်မှာ ရေးထားတယ်။

“ရပ်နိုင်ပေ့ ရပ်နိုင်ပါပေ့ လျှောက်နိုင်ပေ့ လျှောက်နိုင်ပါပေ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်။ PDF ကို လွန်ခဲ့တဲ့ ၄ နှစ်က ခုလိုအချိန်မှာ တရားဝင် ကြေညာခဲ့ကြတယ်။ မှတ်မိပါသေးတယ် အဲဒီနေ့ ကျနော်တို့ အတူတူရှိနေခဲ့တယ်။ ခုတော့ တောက်တောက် တောက်တောက်နဲ့ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ပြီး လမ်းလျှောက်ရမယ့်အရွယ် ရောက်လာပြီ။ လူလားတော့ မမြောက်သေးဘူး။ ပေးဆပ်ရတာတွေကလည်း ရင်နဲ့အမျှပါပဲ။ အောင်ပွဲတွေကလည်း အလီလီ ဂုဏ်ယူဝမ်းမြောက်ရပါတယ်။ အလေးပြုပါတယ်။ အတူလက်တွဲ လုပ်ကြရပါဦးမယ်။ တန်ဖိုးထား လေးစားလျက် ရဲဘော်သံခဲ” လို့ ရေးထားပါတယ်။

ဟုတ်ပါတယ်။ လေးနှစ်သားက မြို့ပေါင်း ၉ မြို့ သိမ်းပြီးပြီ။ ခြေလှမ်း ၄ လှမ်းကနေ ၅ လှမ်းကို ရှေ့ဆက်လှမ်းမည့် ခြေလှမ်းတွေမှာ မြို့ပေါင်းဘယ်လောက် ဆက်သိမ်းဦးမည်လဲ။ ၄ နှစ်ပြည့် မိန့်ခွန်းမှာ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် ပြောခဲ့သလို PDF သည် မြေပိုင်တယ်။ PDF သည် ပြည်သူ့ထောက်ခံမှု ကူညီမှု အပြည့်ရှိတယ်။ ပြည်သူပါသော ပြည်သူထောက်ခံသော PDF ဟာဖြင့် စစ်အာဏာရှင်ကို အမြစ်ဖြတ်မှာ သေချာလွန်းလှပါတယ်။

တကယ်တော့ PDF ဆိုတာ အခု လက်နက်ကိုင် တိုက်နေကြသူများသာမက ပြည်တွင်း ပြည်ပ မြန်မာပြည်သူ ပြည်သား အားလုံးဟာ PDF တွေပါ။ ။

မောင်တူး
လေးနှစ်သား PDF

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013