
ဖမ်းဝရမ်းထုတ်ခံထားရတဲ့ မြန်မာစစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ရုရှားနိုင်ငံကို ချစ်ကြည်ရေးခရီးစဉ်အဖြစ် အခုရက်ထဲမှာပဲ ထပ်မံသွားရောက်ဖို့ရှိတယ်လို့ စစ်ကောင်စီ ပြန်ကြားရေးက မေ ၅ ရက်မှာ ထုတ်ပြန်ပါတယ်။
ရုရှားသမ္မတဗလာဒီမာပူတင်ရဲ့ ဖိတ်ကြားချက်နဲ့ မော်စကိုမြို့မှာ ကျင်းပမယ့် ၁၉၄၁ - ၁၉၄၅ မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ နှစ် ၈၀ ပြည့်အထိမ်းအမှတ်အခမ်းအနားကို တက်ရောက်မှာ လို့ဆိုပါတယ်။
ဒီခရီးစဉ်မှာ ရုရှား-မြန်မာ ၂ နိုင်ငံစီးပွားရေးလုံခြုံရေးဆိုင်ရာတွေကို ဆွေးနွေးမှာဖြစ်တယ်လို့လည်း ထုတ်ပြန်ပါတယ်။
စစ်ခေါင်းဆောင်ဟာ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုန်းသတ်ဖြတ်မှုတွေအပါအဝင် ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တာတွေနဲ့ပတ်သက်ပြီး အာဂျင်တီးနားတရားရုံးက ဖမ်းဝရမ်းထုတ်တာခံထားရသလို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC) ရဲ့တရားလိုရှေ့နေချုပ်ကလည်း ဖမ်းဝရမ်းထုတ်ဖို့ တောင်းဆိုထားတာ ဖြစ်ပါတယ်။
ဒီခရီးစဉ်ဟာ ဖမ်းဝရမ်းထုတ်ခံထားရပြီးနောက်ပိုင်း ရုရှားနိုင်ငံကို သွားရောက်တဲ့ စစ်ခေါင်းဆောင်ရဲ့ ဒုတိယမြောက်ခရီးစဉ်လည်းဖြစ်ပါတယ်။
ဖမ်းဝရမ်းထုတ်ခံထားရသူတွေရဲ့ ပြည်ပခရီးစဉ်တွေကိုလည်း မျက်စိဒေါက်ထောက်ကြည့်နေဖို့ လိုတယ်လို့ အာဂျင်တီးနားနိုင်ငံတရားရုံးက ဖမ်းဝရမ်းထုတ်ထားတဲ့ အမှုနဲ့ပတ်သက်ပြီး ရိုဟင်ဂျာတွေ ဘက်က လိုက်ပါဆောင်ရွက်ပေးနေတဲ့ လူ့အခွင့်အရေးရှေ့နေ သောမတ်စ် အိုဟေး ကင်တားနားက DVB နဲ့သီးသန့် အင်တာဗျူးမှာ ပြောပါတယ်။