Home
မြန်မာသတင်း
BGF ခေါင်းဆောင် စောချစ်သူနှင့် သား ၂ ဦးကို အမေရိကန် ပိတ်ဆို့ဒဏ်ခတ် 
DVB
·
May 6, 2025

ကျားဖြန့် အွန်လိုင်းငွေလိမ်ဂိုဏ်းတွေနဲ့ ဆက်စပ်ပတ်သက်နေတဲ့ ကရင်ပြည်နယ်၊ နယ်ခြားစောင့်တပ် (BGF/KNA) ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူနဲ့ သား ၂ ယောက်ဖြစ်တဲ့ စောထူးအယ်မူးနဲ့ စောချစ်ချစ်တို့ကို အမေရိကန်ဘဏ္ဍာရေးဌာန နိုင်ငံခြားပိုင်ဆိုင်မှု ထိန်းချုပ်ရေးရုံး (OFAC) က ပိတ်ဆို့အရေးယူလိုက်တဲ့အကြောင်း မေ ၅ ရက်စွဲနဲ့ ထုတ် ပြန်ထားပါတယ်။ 

ခုလိုပိတ်ဆို့အရေးယူတာဟာ အမေရိကန်နိုင်ငံသားတွေကို အန္တရာယ်ဖြစ်စေတဲ့ ဆိုက်ဘာ လိမ်လည်လှည့်ဖြားမှုတွေ၊ လူကုန်ကူးမှုနဲ့ နယ်စပ်ဖြတ်ကျော် မှောင်ခိုကူးမှုတွေ လုပ်ဆောင်ရာမှာ အဓိက အခန်းကဏ္ဍက ပါဝင်နေတာကြောင့်ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ထိုင်း-မြန်မာနယ်စပ်မှာ တည်ရှိတဲ့ KNA ထိန်းချုပ်ရာ ဒေသဟာ ဆိုက်ဘာလိမ်လည်မှု အစုအဖွဲ့ အများအပြား ကျင်လည်ကျက်စားရာ ဒေသတခုဖြစ်နေပြီး ရာဇ၀တ်မှုလုပ်ငန်းတွေမှာ မြန်မာစစ်တပ်နဲ့ ပူးပေါင်းချိတ်ဆက်မှုကနေ အကျိုးအမြတ်တွေ ရရှိခဲ့တယ်လို့ ဆိုပါတယ်။

အမေရိကန် ဘဏ္ဍာရေးဌာန လက်ထောက်အတွင်းဝန် မိုက်ကယ်ဖော့လ်ကင်ဒါက "KNA က စီမံဆောင်ရွက်တဲ့ ဆိုက်ဘာလိမ်လည်မှုလုပ်ငန်းတွေကနေ ရာဇ၀တ်ဂိုဏ်းတွေနဲ့ သူတို့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေအတွက် ဝင်ငွေဒေါ်လာ ဘီလီယံပေါင်းများစွာကို ရရှိစေပြီး ဒီလုပ်ငန်းရဲ့ သားကောင်တွေမှာတော့ သူတို့ ခက်ခက်ခဲခဲ စုဆောင်းထားတဲ့ ငွေတွေ ဆုံးရှုံးနေရသလို လုံခြုံမှုလည်း မရှိကြပါဘူး။ ဘဏ္ဍာရေးဌာနအနေနဲ့ ဒီကွန်ရက်ကို ပိတ်ဆို့တားဆီးဖို့ ဒီလို ရာဇ၀တ်မှုလုပ်ငန်းတွေကနေ အကျိုးအမြတ်ရှာသူတွေကို တာဝန်ယူ တာဝန်ခံမှု ရှိစေဖို့ ရနိုင်သမျှ လုပ်ဆောင်သွားဖို့ ကတိပြုပါတယ်" လို့ ပြောပါ တယ်။

ကမ္ဘာအနှံ့က လူတွေကို အွန်လိုင်းကနေ လိမ်လည်နေတဲ့ ကျားဖြန့်ဂိုဏ်းတွေ အမြစ်ပြတ် နှိမ်နင်းရေးအတွက် KNA ခေါင်းဆောင် စောချစ်သူနဲ့  အပေါင်းပါတွေကို တရားစွဲအ ရေးယူဖို့ ထိုင်းအထူးမှုခင်းစုံစမ်းစစ်ဆေးရေးဌာန (DSI) က ပြင်ဆင်နေတယ်လို့ အခုနှစ် ဖေဖော်ဝါရီလဆန်းပိုင်းတုန်းကလည်း ထုတ်ပြန်ထားပါတယ်။

ဗိုလ်မှူးကြီး စောချစ်သူကတော့ သူဟာ ကျားဖြန့်လုပ်ငန်းနဲ့ မပတ်သက်ကြောင်းနဲ့ ကျားဖြန့် အွန်လိုင်းလုပ်ငန်းတွေဟာ  လူကုန်ကူးခြင်း၊ လူအချင်းချင်းရောင်းစားခြင်း၊  ရိုက်နှက်ခြင်း အပါအဝင် လူမဆန်တဲ့လုပ်ရပ်တွေ လုပ်နေတာဟာ မတရားတဲ့ လုပ်ရပ်တွေ ဖြစ်တယ်၊ ဒါ့ကြောင့် ဒီနေရာမှာ အပြတ်ရှင်းထုတ်ဖို့ BGF လက်အောက်ခံ တပ်ဗိုလ်တပ်မှူးတွေကို အဖွဲ့လိုက်စုစည်းပြီး ဖမ်းဆီးသွားမယ်လို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၇ ရက် မြဝတီမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောထားပါတယ်။

Source: U.S. Department of the Treasury’s Office of Foreign Assets Control (OFAC)

အမေရိကန်
စောချစ်သူ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013