
အမေရိကန် ပေါ့ပ်အဆိုတော် လေဒီဂါဂါရဲ့ ဖျော်ဖြေပွဲမှာ ဗုံးဖောက်ခွဲမယ့် အစီအစဉ်ကို ဘရာဇီးရဲတပ်ဖွဲ့က တားဆီးနိုင်ခဲ့ပါတယ်။
ပရိသတ် ၂ သန်းကျော် လာကြည့်တဲ့ ရီယိုဒီဂျနေးရိုးမှာ စနေနေ့က ပြုလုပ်ခဲ့တဲ့ ဖျော်ဖြေပွဲမှာ ဗုံးဖောက်ဖို့ ကြံစည်ခဲ့တာ ဖြစ်ပါတယ်။
ရီယိုဒီဂျနေးရိုး ရဲတပ်ဖွဲ့က အမုန်းစကားတွေ ဖြန့်ချိတဲ့ အဖွဲ့တခုက မိမိကိုယ်ကို ထိခိုက်စေတာမျိုး အပါအဝင် ဆယ်ကျော်သက်များ အစွန်းရောက်စေဖို့၊ အကြမ်းဖက်ဖို့ အကွက်ချစီမံခဲ့တယ်လို့ ပြောပါတယ်။
ကိုပါကာဘာနာကမ်းခြေမှာ ပြုလုပ်တဲ့ ဖျော်ဖြေပွဲကို ပရိသတ် ၂ ဒသမ ၁ သန်း လာရောက်ကြည့်ရှုခဲ့တယ်လို့ ရီယိုမြို့တော်ခန်းမက ဆိုပါတယ်။
“သံသယရှိသူတွေဟာ အရွယ်မရောက်သေးတဲ့ သင်တန်းသားများကို ခေါ်ယူပြီး ဓာတ်ဆီပုလင်းကို မီးရှို့ပြီး ပစ်ရတဲ့ လက်လုပ်ဗုံးတွေနဲ့ တိုက်ခိုက်ဖို့ ပြုလုပ်ခဲ့တာပါ” လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ချက်ထဲမှာ ဖော်ပြပါတယ်။
တရားရေးဝန်ကြီးဌာနရဲ့ ပြောကြားချက်အရ အဲဒီအဖွဲ့ဟာ သူတို့ကိုယ်သူတို့ လေဒီဂါဂါရဲ့ ကမ္ဘာ့ပရိသတ်တွေလို့ သတ်မှတ်ပြီး Little Monsters အမည်ရကြောင်း သိရပါတယ်။
ဒီစုံစမ်းမှုဟာ ရဲတပ်ဖွဲ့ရဲ့ သတင်းပေးချက်နဲ့ ဝန်ကြီးဌာနရဲ့ ဆိုက်ဘာထောက်လှမ်းရေးပေါ် အခြေခံပြီး ပြုလုပ်ခဲ့တာပါ။
ဆယ်ကျော်သက်တွေကြားမှာ ကုတ်ဒ်သင်္ကေတတွေနဲ့ အချင်းချင်း ဆက်သွယ်မှုပြုလုပ်ခဲ့တယ်လို့ ရှာဖွေတွေ့ရှိခဲ့ပါတယ်။
ရီယိုဂရန်ဒီဒိုဆူလ်မှာ တရားမဝင် လက်နက်ကိုင်ဆောင်သူတယောက်ကို ဖမ်းမိခဲ့ပြီး အဲဒီလူက ဒီအဖွဲ့ရဲ့ခေါင်းဆောင် ဖြစ်တယ်လို့ သိရပါတယ်။
အာဏာပိုင်တွေဟာ ရီယိုဒီဂျနေးရိုး၊ မာတိုဂရော့ဆို၊ ရီယိုဂရန်ဒီဒိုဆူလ်နဲ့ ဆော်အိုပေါ်လိုမြို့တွေမှာ ရှာဖွေမှုတွေ၊ ဖမ်းဆီးမှုတွေ ပြုလုပ်ခဲ့ရပါတယ်။
ဖျော်ဖြေပွဲလုံခြုံရေးမှာ တပ်ဖွဲ့ဝင် ၅,၀၀၀ အသုံးပြုခဲ့ပြီး ဒရုန်းတွေ၊ မျက်နှာ စကန်ဖတ်စက်တွေကိုလည်း အသုံးပြုခဲ့ပါတယ်။
Source: Reuters