
နွေဦးတော်လှန်ရေးကာလအတွင်း စစ်အုပ်စုကျူးလွန်နေသော စစ်ရာဇ၀တ်မှုများတွင် အရပ်သားများအပေါ် ပစ်မှတ်ထားသည့် လေကြောင်းတိုက်ခိုက်မှုများသည်လည်း တခုအပါအ၀င်ဖြစ်သည်။ မြန်မာပြည်အနှံ့ စစ်မျက်နှာအသီးသီးမှာ ရှုံးနိမ့်မှုများကို ရင်ဆိုင်နေရသည့် အာဏာလုစစ်တပ်သည် အရပ်သားများကိုပစ်မှတ်ထားသောလေကြောင်းတိုက်ခိုက်မှုများကို ပိုမိုလုပ်ဆောင်လာပါသည်။
၎င်းတို့စစ်အုပ်စု မပြိုကွဲမပျက်စီးမချင်းဤကဲ့သို့သော ရာဇ၀တ်မှုများကိုဆက်လက် ကျူးလွန်နေကြဦးမည် ဖြစ်သည်။ ထို့ကြောင့် မိမိတို့ မြန်မာပြည်သူများအနေဖြင့် လေကြောင်းရန် ကာကွယ်ရေးကို အထူးအလေးပေးဂရုစိုက်ကြရန် လိုအပ်နေပြီဖြစ်၏။ စစ်အုပ်စု၏ လေကြောင်း တိုက်ခိုက်မှုများမှ ကာကွယ်နိုင်ရန် ၎င်းတို့၏ သဘောသဘာ၀ကို အရင်သိထားရန် လည်း လိုအပ်ပါသည်။
ထို့ကြောင့် စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်ပုံတိုက်ခိုက်နည်းများကိုလေ့လာကြည့်ရပါမည်။ အာဏာလုစစ်အုပ်စု၏ အရပ်သားများအပေါ် ပစ်မှတ်ထားသော လေကြောင်းတိုက်ခိုက်မှုများမှာ အဓိကအားဖြင့် အမျိုးအစား (၃)မျိုး ရှိ၏။
(၁) တိုက်လေယာဉ်၊ တိုက်ခိုက်ရေးရဟတ်ယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း/ ဒုံးကျည်၊ စက်အမြောက်များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း။
(၂) စက်တပ်လေထီးများဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း။
(၃) ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း တို့ဖြစ်သည်။
စစ်အုပ်စုသည် လူစုလူဝေးရှိတတ်သော ပွဲလမ်းသဘင်၊ စာသင်ကျောင်း ဆေးရုံ၊ ဘာသာရေးအဆောက်အဦးများကို တိုက်ခိုက်သည့်အခါတွင် စစ်လေယာဉ်ကိုအသုံးပြုကာ အလျှင်အမြန်အငိုက်ဖမ်း တိုက်ခိုက်တတ်၏။ ကျေးရွာများကို အလစ်အငိုက်တိုက်ခိုက်လိုသည့်အခါ စက်တပ်လေထီးကိုအသုံးပြု၏။ စစ်ကြောင်းထိုးရန် နယ်မြေကြိုတင်ထောက်လှမ်းသည့်အခါ၊ နယ်မြေရှင်းလင်းသည့်အခါ ဒရုန်းအသုံးပြုတိုက်ခိုက်လေ့ရှိ၏။
စစ်လေယာဉ်နှင့် ဗုံးကြဲတိုက်ခိုက်မှုများကြောင့် အစုလိုက်အပြုံလိုက် သေကျေဒဏ်ရာရမှု များပြားခဲ့ရသည့် ဖြစ်စဉ်များရှိသလို၊ စက်တပ်လေထီး၊ ဒရုန်းများဖြင့် တိုက်မှုကြောင့် ထိခိုက်သေဆုံးရသည့် အရပ်သားပြည်သူအရေအတွက်ဟာလည်း မြင့်တက်လာ၏။ အထူးသဖြင့် ကာကွယ်ရေး တပ်ဖွဲ့များဘက်က လက်နက်ခဲယမ်း ကန့်သက်ချက်များသည့် မြေပြန့်လွင်ပြင်ဒေသများတွင် စစ်အုပ်စုဟာ စက်တပ်လေထီးကို အသုံးပြုတိုက်ခိုက်မှု ပိုမိုလုပ်ဆောင်လေ့ရှိပါသည်။
စက်တပ်လေထီးသည် အကြမ်းအားဖြင့် တနာရီ မိုင် ၅၀ နှုန်းဖြင့် အကွာအဝေးမိုင် ၅၀ ကျော် ပျံသန်းနိုင်၏။ ၎င်းယာဉ်ပျံ၏ အဓိကအားနည်းချက်မှာ အသံကျယ်လောင်မှုဖြစ်၏။ ဤအချက်ကိုကိုဖုံးကွယ်နိုင်ရန် စစ်အုပ်စုသည် ည ၁၂ နာရီမှ နံနက် ၄ နာရီအတွင်း လူအများအိပ်မောကျချိန်ကိုအခွင့်အရေးယူပြီး တိုက်ခိုက်လေ့ရှိ၏။ ၂၀၂၅ ခုနှစ်၊ ဧပြီလ ၂၃ ရက်နေ့က ပခုက္ကူ ဒေသမှာ Burma Revolution Rangers တော်လှန်ရေးတပ်ဖွဲ့က ပစ်ချနိုင်ခဲ့သည့် စက်တပ်လေထီးပုံများအရ စစ်အုပ်စု၏ စက်တပ်လေထီးသည် GPS စနစ်အသုံးပြုပျံသန်းပြီး ၁၂၀ မီလီမီတာ ဗုံးသီး ၈ လုံး ချိတ်ဆွဲနိုင်ကြောင်းတွေ့ရပါသည်။
စက်တပ်လေထီး၏ သဘာ၀အရ လေထဲမှာ တည်ငြိမ်စွာရပ်တန့်နိုင်စွမ်းနည်းပါးခြင်းကြောင့် ပစ်မှတ်ကို တိကျစွာ တိုက်ခိုက်နိုင်စွမ်းနည်းပါးသော်လည်း GPS စနစ်၏အကူအညီနှင့် ၁၂၀ မီလီမီတာ ဗုံးသီး၏ ပြင်းထန်သော ပေါက်ကွဲအားကြောင့်ဖျက်ဆီးနိုင်စွမ်းမြင့်မားပါသည်။
ကာကွယ်ရေးတပ်ဖွဲ့များ၏ ခုခံကာကွယ်နိုင်စွမ်းအနိမ့်အမြင့်ပေါ်မူတည်ပြီး ၎င်းတို့ ပျံသန်းတိုက်ခိုက်မည့် အမြင့်ပေမှာလည်း ကွဲပြားမှုရှိနိုင်၏။
မိမိတို့မြန်မာပြည်သူများအတွက် စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုများမှ ကာကွယ်နိုင်ရန် ရိုးရှင်းလွယ်ကူသည့် နည်းလမ်းများကိုအသုံးပြုနိုင်ရန်လည်းလိုအပ်ပါသည်။ မည်သည့် ယာဉ်ပျံ အမျိုးအစားကိုအသုံးပြုတိုက်ခိုက်သည်ဖြစ်စေ စစ်အုပ်စု၏ ယာဉ်ပျံလေထဲသို့ တက်လာသည်နှင့် တပြိုင်တည်း ထိုယာဉ်ပျံရောက်ရှိနိုင်တဲ့ အကွာအဝေးအတွင်း ပတ်ပတ်လည်မှာရှိသော ပြည်သူများကို သတိပေးနိုင်ရန်မှာ အရေးကြီးသောလိုအပ်ချက်ဖြစ်သည်။ စစ်အုပ်စု၏ ယာဉ်ပျံပျံသန်းရာလမ်းတလျှောက်တွင် ပြည်သူအချင်းချင်းဆက်သွယ်သတင်းပေးပြီး လုံခြုံစိတ်ချရသည့် ဗုံးခိုကျင်းများအတွင်း ၀င်ရောက်အကာအကွယ်ယူနိုင်လျှင် ထိခိုက်သေဆုံးမှု ပမာဏအများအပြား လျော့ကျသွားနိုင်၏။
ထို့ကြောင့် ပြည်သူများအတွက် စစ်အုပ်စု၏ လေကြောင်းရန်မှကာကွယ်နိုင်ရန် လုပ်ဆောင်ရာတွင် အဆင့် ၃ ဆင့် အကောင်အထည်ဖော်နိုင်ရန် လိုအပ်၏။
(၁) စစ်အုပ်စု၏ တိုက်ခိုက်ရေးယာဉ်ပျံလေထဲကိုစတက်သည်နှင့် ယာဉ်ပျံရောက်နိုင်သည့် ပတ်ပတ်လည် ဒေသမှ ပြည်သူတွေများကို ကြိုတင်သတိပေးနိုင်ရန်။
(၂) ယာဉ်ပျံ ပျံသန်းရာလမ်းတလျှောက်ရှိ ပြည်သူများကိုသတိပေး အကြောင်းကြားနိုင်ရန်။
(၃) လေကြောင်းရန်သတိပေးချက်များရသည့်အခါ ပြည်သူများက ဗုံးခိုကျင်းများအတွင်း ၀င်ရောက်နေကြရန် ဟူ၍ဖြစ်၏။
ဤလုပ်ငန်းစဉ်သုံးရပ်ကိုလက်တွေ့အကောင်ထည်ဖော်နိုင်ရန် ပြည်သူများနှင့် တော်လှန်ရေး တပ်ဖွဲ့များအတူတကွ ပူးပေါင်းဆောင်ရွက်ကြရမည် ဖြစ်၏။ စစ်လေယာဉ်အသုံးပြု တိုက်ခိုက်မှုများအတွက် ကြိုတင်သတိပေးချက်ကို Enemy Air Routes (ERA) တယ်လီဂရမ် ချန်နယ်ကဲ့သို့ နိုင်ငံအနှံ့လွမ်းခြုံနိုင်သောကွန်ယက်များ ရှိနေပြီးဖြစ်၏။ စက်တပ်လေထီးနှင့် ဒရုန်းတိုက်ခိုက်မှုများကို ကာကွယ်နိုင်ရန်အတွက်မူ ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့ များအချင်းချင်း ပေါင်းစပ်ညှိနှိုင်းထားပြီး ဆက်သွယ်ရေးလမ်းကြောင်းစီစဉ်ထားရမည် ဖြစ်၏။ လေကြောင်းရန် ကာကွယ်ရေးကိစ္စသည် ပြည်သူလူထုကိုကာကွယ်ရတာဖြစ်သည့်အတွက် ဦးစားပေးစီစဉ်သင့်၏။ နယ်မြေအလိုက်ရရှိလာသည့် သတင်းအချက်အလက်များကို ကျေးရွာပြည်သူလူထုကို သတင်းပေးနိုင်ရန်
အထိရောက်ဆုံးနည်းလမ်းမှာ လော်စပီကာအသံချဲ့စက်များကို အသုံးပြုခြင်းဖြစ်၏။ ဤနည်းလမ်းကရိုးရှင်းသော်လည်း အမှန်တကယ် ထိရောက်၏။ ဒုတိယကမ္ဘာစစ်အတွင်းကလည်း လေကြောင်းအချက်ပေးဥဩဆွဲသံများ ဖြင့်ပြည်သူများကို လေကြောင်းရန်သတိပေးကြသည့် ဥပမာများရှိ၏။
နောက်ဆုံးအဆင့်အနေဖြင့် ပြည်သူများအနေဖြင့် အိမ်တိုင်းစေ့ ဗုံးခိုကျင်းတူးထားရန် လိုအပ်လှ၏။ ဗုံးခိုကျင်းတူးရန်နည်းလမ်းအများအပြားရှိပါသည်။ မိမိအိမ်၏ တတ်နိုင်သလောက် အတိုင်းအတာအလိုက် ခိုင်ခံ့အောင် စီမံကြရပါမည်။ အရိုးရှင်းဆုံးနည်းလမ်းမှာ လေးပေအကျယ် ရှစ်ပေအနက်ကျင်းကို အိမ်မှာရှိသော မိသားစု၀င်များ အားလုံး၀င်နေနိုင်လောက်သည့် အရှည်ရှိအောင် တူးခြင်းဖြစ်၏။ ဗုံးလိုကျင်း၏ဘေးပတ်လည်မှာ သဲအိတ် နှစ်ဆင့်လောက်စီ ထားလျှင် အတော်အသင့် စိတ်ချရ၏။ ဗုံးခိုကျင်းအဖုံးအတွက် တိုင်လုံးခိုင်ခိုင်စီပြီး သဲအိတ်ထပ်တင်နိုင်လျှင်လည်း ပိုစိတ်ချရ၏။ ဗုံးခိုကျင်းတူးသည့် အခါသတိပြုရန် အချက်မှာ ရေမ၀င်စေရန် အမိုးအကာအောက်မှာရှိရန်၊ လူနေထိုင်ရာ နေရာနှင့် နီးရန်၊ ကောင်းကင်ကနေကြည့်လျှင် ပေါ်လွင်ထင်ရှားဖြစ်မနေရန် တို့ဖြစ်၏။ ဤကဲ့သို့သော ဗုံးခိုကျင်းမျိုးအိမ်တိုင်း မဖြစ်မနေရှိသင့်ပါသည်။
ယခုပုံစံအတိုင်း အဆင့်လိုက်စီမံထားသည့် လေကြောင်းရန်ကာကွယ်ရေးစနစ်ကို ဒေသအလိုက် အကောင်အထည်ဖော်နိုင်လျှင် အာဏာလုစစ်အုပ်စု၏ အရပ်သားများအပေါ်ပစ်မှတ်ထားသည့် လေကြောင်းတိုက်ခိုက်မှုတွေကြောင့်အရပ်သားပြည်သူ ထိခိုက်သေဆုံးမှုများကို အတိုင်းအတာတော်တော်များများ ကာကွယ်နိုင်မည်ဖြစ်၏။
မိမိတို့ ပြည်သူများအနေဖြင့် အထူးသတိထားဆင်ခြင်ရမည့်ကိစ္စမှာ လူစုလူဝေးနဲ့ရှိတတ်သည့် ပွဲလမ်းသဘင်များမှာ လေကြောင်းရန်ကာကွယ်ရေးအတွက် ကြိုတင်အသိပေးချက်ကို အမြဲသတိထားနေရန်နှင့် အမြန်လူစုခွဲနိုင်ရန် ပြင်ဆင်ထားရန်ဖြစ်၏။ မဖြစ်မနေလူစုလူဝေးပွဲများ လုပ်ရလျှင် ပွဲမစခင်ကတည်းက ဂရုစိုက်ပြင်ဆင်ထားကြသင့်၏။ ယခုကာလမျိုးတွင် လူစုလူဝေးပွဲများ ရှောင်ရှားနိုင်လျှင် အကောင်းဆုံးဖြစ်၏။
စစ်အုပ်စုသည် နွေဦးတော်လှန်ရေး၏ ပင်မရေသောက်မြစ်ဖြစ်သော ပြည်သူလူထုကို အားနည်းစေရန် ရည်ရွယ်ပြီး ပြည်သူလူထုကိုပစ်မှတ်ထားသည့် စစ်ရာဇ၀တ်မျိုးစုံကို ကျူးလွန်နေခြင်းဖြစ်၏။ ထို့ကြောင့် ပြည်သူလူထုအတွက် အဆင့်လိုက်ပေါင်းစပ်ထားသည့် လေကြောင်းရန်ကာကွယ်ရေးစနစ်ကို နေရာအနှံ့အမြန်ဆုံး အကောင်အထည်ဖော်နိုင်ကြရန် အထူးအရေးတကြီး လိုအပ်လျက်ရှိပါကြောင်း...။
ညိုသူ