Home
မြန်မာသတင်း
ဖုပ်ဖရတွင် တရားမဝင် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား၂၉ ဦး ဖမ်းဆီးခံရ
DVB
·
May 3, 2025

မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့ကတဆင့် ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်ဖို့ တရားမဝင်လမ်းကြောင်းကနေ ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၂၉ ယောက်ကို ထိုင်းနယ်ခြားစောင့်တပ်က မတ် ၂ ရက်နေ့ ထိုင်းစံတော်ချိန်ည ၁၁ နာရီလောက်က ဖမ်းဆီးခဲ့တယ်လို့ ထိုင်းရဲတပ်ဖွဲ့နဲ့နီးစပ်သူတွေဆီက သိရပါတယ်။

ဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသား ၂၉ ယောက်ဟာ ထိုင်းနိုင်ငံမှာအလုပ်လုပ်ဖို့ ၁ ယောက်ကို ထိုင်းဘက်ငွေ ၁၅,၀၀၀ ဆီ ပွဲစားကိုပေးရပြီး ထိုင်းနိုင်ငံ ဖုပ်ဖရခရိုင်ခွဲ ဟွိုင်နမ်နက်ရွာအနီးမှာ ဖမ်းဆီးခံရတာလို့ ဆိုပါတယ်။

မြန်မာရွေ့ပြောင်းအလုပ်သမားတယောက်က "ရဲစခန်းကိုလာပို့တာ တွေ့တယ်။ ဖုပ်ဖရမှာ နေထိုင်တဲ့ထိုင်းနိုင်ငံသား ၂ ဦးရယ်၊ ယာဥ်မောင်း ၂ ဦးနဲ့ ဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသား ၂၉ ဦးက ကား ၂ စီးနဲ့ ထိုင်းနိုင်ငံမှာ အလုပ်လုပ်ဖို့ ပွဲစားကို ငွေပေးလိုက်လာရာကနေ ဖမ်းဆီးခံရတာလို့ ကြားတယ်” လို့  DVB ကို ပြောပါတယ်။

မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်ဖို့ တရားမဝင်လမ်းကြောင်းက ဝင်ရောက်လာတဲ့သူတွေ မကြာခဏ ဖမ်းဆီးခံရတာတွေ ရှိနေတယ်လို့ ဆိုပါတယ်။  

မြန်မာ-ထိုင်းနယ်စပ်မှာ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအင်အားစုတွေနဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် ထိုင်းနယ်စပ်တလျှောက် ထိုင်းအာဏာပိုင်တွေက လုံခြုံရေးတင်းကျပ်ပြီး စောင့်ကြည့်တာတွေ ရှိနေပါတယ်။

မတ် ၂ ရက်နေ့ ထိုင်းစံတော်ချိန် မနက် ၄ နာရီက ထိုင်းနိုင်ငံ မဲဆောက်မြို့ကနေ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို အလုပ်သွားလုပ်ဖို့ သခွားသီးတင်ဆောင်လာတဲ့ကားပေါ်ကနေ မြန်မာနိုင်ငံသား ၄ ယောက်ကို တာ့ခ်ခရိုင် မဲဆောက်မြို့အထွက် မယ်ပအဖွဲ့စုံစစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးခံခဲ့ရတယ်လို့ ထိုင်းရဲတပ်ဖွဲ့နဲ့နီးစပ်သူတွေဆီက သိရပါတယ်။

Aung Mya Than

မြန်မာနိုင်ငံသား
ဖုပ်ဖရ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013