Home
မြန်မာသတင်း
မြန်မာစစ်တပ်က နျူကလီးယားနည်းပညာကို လူသတ်လက်နက်အဖြစ် အသုံးပြုနိုင်ဟု သံအမတ်ကြီးပြော 
DVB
·
May 1, 2025

ငလျင်ဘေးအလွန် လူသားချင်းစာနာမှု အကူအညီပေးမှုကို လက်နက်အဖြစ် အသုံးချတဲ့ စစ်ကောင်စီဟာ နျူကလီးယားနည်းပညာကိုလည်း ပြည်သူတွေကိုသတ်ဖို့ လက်နက်အဖြစ် အသုံးချမှာဖြစ်တယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ပြောကြားလိုက်ပါတယ်။

နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်မှာ  ဧပြီ ၂၈ ရက်မှ မေ ၉ ရက်အထိ ကျင်းပတဲ့ ၂၀၂၆ ခုနှစ် နျူကလီးယားလက်နက်များ မပြန့်ပွားရေး စာချုပ်ဝင် နိုင်ငံတွေရဲ့ ပြန်လည်သုံးသပ်ရေး ညီလာခံအတွက် ပြင်ဆင်ရေးကော်မတီ တတိယအကြိမ်မြောက် အစည်းအဝေးမှာ မြန်မာ သံအမတ်ကြီး ဦးကျော်မိုးထွန်းက တက်ရောက် မိန့်ခွန်းပြောကြားခဲ့တာပါ။

သဘာဝဘေးအန္တရာယ်တုံ့ပြန်ရေးအတွက် ကြိုတင်ပြင်ဆင်မှုမရှိတဲ့ စစ်အုပ်စု အနေနဲ့ နျူကလီးယား အရေးပေါ်အခြေအနေ တုံ့ပြန်ရေးအတွက်လည်း ကြိုတင်ပြင်ဆင်မှုရှိမှာ မဟုတ်ကြောင်း၊ ငလျင်ဒဏ်သင့်အပြီးကာလမှာ ဂျက်လေယာဉ်ဆီကို တလွဲသုံးပြီး အရပ်သားပြည်သူအပေါ် လေကြောင်းတိုက်ခိုက်မှု စုစုပေါင်း ၂၂၅ ကြိမ်အထိ ပြုလုပ်ခဲ့တဲ့ စစ်အုပ်စုဟာ နျူကလီးယားစွမ်းအင်ကိုလည်း အလွဲသုံးစားပြုလုပ်ဦးမည်သာ ဖြစ်မယ်လို့ သံအမတ်ကြီးက ပြောပါတယ်။

စစ်အုပ်စု အနေနဲ့ ငြိမ်းချမ်းတဲ့ ရည်ရွယ်ချက်အတွက် အကြောင်းပြပြီး စစ်ရေးအတွက် နျူကလီးယား နည်းပညာ ရယူဖို့ ကြိုးပမ်းလာနိုင်တဲ့အပေါ် မိမိတို့အနေနဲ့ အလေးအနက် စိုးရိမ်ပူပန်မိတယ်၊ နိုင်ငံတကာ အသိုက်အဝန်းအနေနဲ့ နျူကလီးယားစွမ်းအင်အစီအစဉ်အပါအဝင် ပူးပေါင်းဆောင်ရွက်မှုတွေ ပြုလုပ်ရာမှာ စစ်အာဏာရှင်စနစ် အဆုံးသတ်ပြီး ဒီမိုကရေစီစနစ် ပြန်လည်ထွန်းကားလာမှသာလျှင် မြန်မာနိုင်ငံနဲ့  ပူးပေါင်းဆောင်ရွက်သင့်တယ်လို့ သံအမတ်ကြီးက အကြံပြုထားပါတယ်။

မြန်မာပြည်သူပြည်သားတွေရဲ့ အသက်နဲ့ အနာဂတ်ကို ကယ်တင်ဖို့အတွက် အကြမ်းဖက် စစ်အုပ်စုထံသို့ စစ်လက်နက်ပစ္စည်းတွေ၊ ဂျက်လေယာဉ်ဆီနဲ့ အရပ်ဘက်၊ စစ်ဘက် နှစ်မျိုး အသုံးပြုနိုင်တဲ့ ပစ္စည်းတွေ စီးဆင်းမှု မရှိစေရေးအတွက် ဆောင်ရွက်ပေးကြဖို့ အဖွဲ့ဝင်နိုင်ငံအားလုံး ကို မြန်မာသံအမတ်ကြီးက မေတ္တာရပ်ခံ တိုက်တွန်းလိုက်ပါတယ်။

မြန်မာနိုင်ငံဟာ ရွေးကောက်ခံ အရပ်သားအစိုးရ လက်ထက်မှာ နျူကလီးယားဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ ကွန်ဗင်းရှင်းနဲ့ နျူကလီးယားပစ္စည်းတွေရဲ့ ရုပ်ပိုင်းဆိုင်ရာ ကာကွယ်မှု ကွန်ဗင်းရှင်းတို့ကို ၂၀၁၆ ခုနှစ်မှာ အတည်ပြု လက်မှတ်ရေးထိုးခဲ့ပါတယ်။ ဒါ့အပြင် နျူကလီးယားလက်နက် စမ်းသပ်မှုများ အလုံးစုံတားမြစ်ရေးစာချုပ် (CTBT) ကို ၂၀၁၇ ခုနှစ်မှာ အတည်ပြု လက်မှတ်ရေးထိုးခဲ့သလို နျူကလီးယားလက်နက်များတားမြစ်ရေးစာချုပ် (TPNW) ကို ၂၀၁၈ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့ပါတယ်။

ဒါပေမဲ့ နျူကလီးယားလက်နက်များ တားမြစ်ရေး စာချုပ် (TPNW) ကိုအတည်ပြုဖို့နဲ့ အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီ (IAEA) ရဲ့ နောက်ဆက်တွဲ သဘောတူညီချက်စာချုပ်တွေကို အာဏာသက်ဝင်စေအောင် ဆောင်ရွက်မှုတွေကတော့ ၂၀၂၁ ခုနှစ် စစ်တပ် အာဏာသိမ်းမှုကြောင့် ရပ်ဆိုင်းသွားပါတယ်။

မြန်မာစစ်တပ်
မြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်း
နျူကလီးယားနည်းပညာ
လူသတ်လက်နက်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013