Home
ရုပ်သံ
လက်လွှတ်ထားသည့် မြို့များ အကုန်ပြန်သိမ်းပြမည်ဟု  ဗိုလ်ချုပ်ကြီးကျော်စွာလင်း ကြုံးဝါး
DVB
·
May 1, 2025

စစ်ကောင်စီတပ်က လက်လွှတ်ထားရတဲ့မြို့တွေကို တမြို့မကျန် အကုန်ပြန်သိမ်းပြမယ်လို့ တိုက်ပွဲအတွေ့အကြုံမရှိတဲ့ ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီးကျော်စွာလင်းက ပြောလိုက်ပါတယ်။

ကာကွယ်ရေးဦးစီးချုပ်ရုံးမှာ ဧပြီ ၂၇ ရက်ညနေက  ပြုလုပ်တဲ့ နောင်ချို၊ ဗန်းမော်၊ ဖားကန့် ၊ပန်းတောင်းနဲ့ ဧရာဝတီစတဲ့ စစ်ရေးဆိုင်ရာအစည်းအဝေးမှာ ပြောဆိုခဲ့တာလို့ နေပြည်တော်သတင်းရင်းမြစ်က ပြောပါတယ်။

"မြို့တွေအကုန် တနေ့ပြန်သိမ်းပြမယ်ပြောတယ်။ ဘယ်နေ့လဲဆိုတာ ထည့်မပြောဘူး။  ၃ လလား ၁ နှစ်အတွင်းလား။ ဒါမှမဟုတ် ၃ နှစ်အတွင်းလား။ သူကိုယ်တိုင် စစ်မတိုက်ရတော့ ရှေ့တန်းမှာကိုယ့်လူတွေ ဘယ်လောက်သေနေလဲဆိုတာ မသိဘူး။ ပြောလိုက်ရင် အခြေအနေက တပ်ဘက်ပါနေပြီဆိုတာချည်းပဲ။”

ဒါ့အပြင် တိုက်ပွဲဖြစ်ရာနေရာတွေကိုစစ်ကူနဲ့ စစ်လက်နက်ပစ္စည်းတွေကို အရင်ကထက် ပိုမို ပို့ဆောင်နိုင်ရေးအတွက် ထောက်ပံ့ရေးနဲ့ ပို့ဆောင်ရေးတပ်တွေကို ကားတွေအပြင် လေကြောင်းကပါ သုံးစွဲခွင့်ပြုထား​တယ်လို့ ပြောဆိုခဲ့ကြောင်း သတင်းအရင်းအမြစ်က ဆိုပါတယ်။

ဗိုလ်ချုပ်ကြီးကျော်စွာလင်းရဲ့ စစ်ရေးဗျူဟာတွေကြောင့် ၈ လလောက် တောင့်ခံခဲ့တဲ့ အင်းတော်မြို့ ကျသွားပြီးကတည်းက မြေပြင်တပ်တွေမှာ ကိုယ့်ဗျူဟာနဲ့ ကိုယ်လုပ်ကြတော့တယ်လို့ တပ်မ ၇၇ နဲ့ နီးစပ်တဲ့သတင်းအရင်းအမြစ်ဆီက သိရပါတယ်။

စစ်ကောင်စီတပ်နဲ့ နီးစပ်သူတယောက်က "အင်းတော်ကို ကာကွယ်လာတာ ၈ လောက်ရှိပြီ ညှိကွပ် ဦးဆောင်မှ PDF တွေက မြို့သိမ်းပြီး  တပ်မမှူးရော လက်အောက်ငယ်သားတွေပါ အဖမ်းခံရတယ်။ အဲ့လိုဖြစ်ပြီးကတည်းက သူလည်း ပြောချင်တာပြော အောက်ကလူတွေလည်း ကိုယ့်ဗျူဟာနဲ့ကိုယ်ပဲသွားကြတာ”လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်ရေးအရ ရှုံးနိမ့်လာတဲ့ စစ်ခေါင်းဆောင်က ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်မှာ စစ်ထောက်ချုပ်ဖြစ်တဲ့ ဒုဗိုလ်ချုပ်ကြီး ကျော်စွာလင်းကို ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ် ကဲရေးမှူး တာဝန်ပေးပြီး ဗိုလ်ချုပ်ကြီးအဆင့်တိုးပေးခဲ့တာပါ။

စစ်ကောင်စီတပ်အနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊ PDF တွေနဲ့ ဖြစ်ခဲ့တဲ့ တိုက်ပွဲမှာ တိုင်းစစ်ဌာနချုပ် ၂ ခု၊ တပ် စခန်း ၁၄၆ ခုနဲ့ မြို့ပေါင်း ၉၀ ကျော်လက်လွှတ်ထားရပါတယ်။

ဗိုလ်ချုပ်ကြီးကျော်စွာလင်း
လက်လွှတ်ထားရသည့်မြို့

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013