Home
မြန်မာသတင်း
ခြံအမှတ် ၅၄ စတုတ္ထအကြိမ်လေလံပွဲ လေလံဆွဲမည့်သူမရှိသဖြင့် ထပ်ပျက်
DVB
·
May 1, 2025

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နေထိုင်ခဲ့တဲ့ ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်း၊  ခြံအမှတ် ၅၄ ကို ရောင်းချဖို့ စတုတ္ထအကြိမ်လေလံပွဲမှာ လေလံဆွဲမယ့်သူမရှိတာကြောင့် ပွဲပျက်ခဲ့ပြီး မေ ၅ ရက်နေ့  ရုံးချိန်းပြန်ခေါ်ထား ပါတယ်။ 

ခြံအမှတ် ၅၄ နေအိမ်ကို ငွေကျပ်သိန်းပေါင်း ၂ ဒသမ ၇ သန်းနဲ့ ဧပြီ ၂၉ ရက်မှာ စစ်ကောင်စီဩဇာခံ ကမာရွတ်ခရိုင်တရားရုံးက စတုတ္ထအကြိမ်လေလံပစ်ခဲ့ပေမဲ့ လေလံဆွဲမယ့်သူမရှိဘဲ ပွဲပျက်ခဲ့တာပါ။ 

တရားလို ဦးအောင်ဆန်းဦးက လေလံဈေးလျှော့ချဖို့ တရားရုံးကို အကြိမ်အကြိမ်အဆိုတင်ခဲ့ပြီး တရားရုံးက ဒေါ်အောင်ဆန်းစုကြည်ရဲ့သဘောထားတစုံတရာမပါဝင်ဘဲ ၄ ကြိမ်တိုင်တိုင် လေလံတင်ရောင်းချခဲ့တာပါ။

လာမယ့် မေ ၉ ရက်မှာ တရားရုံးက ရုံးချိန်းပြန်ခေါ်ထားပြီး ဦးအောင်ဆန်းဦးဘက်က လေလံပွဲမအောင်မြင်တဲ့အကြောင်းကို တင်ပြရမှာဖြစ်တယ်လို့ တရားရုံးနဲ့နီးစပ်သူတယောက်က ပြောပါတယ်။

“မနေ့ကတော့လေလံမဆွဲဖြစ်ဘူး၊ ခင်ဗျားတို့ကြားမှာပါ လေလံဆွဲမယ့်သူမရှိလို့ လေလံပွဲမ အောင်မြင်ဘူးလေ။ အမှုသွားအမှုလာက ရုံးချိန်းက ၉ ရက်နေ့ချိန်းထားတယ်။ ၉ ရက် ၅ လ ၉ နာရီခွဲ ချိန်းထားတယ်။ ဘာလုပ်မှာလဲဆိုတော့ တရားနိုင်ဘက်က ဒီဟာနဲ့ပတ်သက်လို့ တင်ပြဖို့၊ လေလံမအောင်မြင်တာကို တရားနိုင်ဘက်က တင်ပြမှာပေ့ါ။ မရပါဘူးဗျာ မရပါဘူး၊ လောလော ဆယ်ကတော့ လက်ရှိကတော့ ( ဒေါ်အောင်ဆန်းစုကြည်နဲ့) ထပ်တွေ့ဖို့အတွက် ထပ်တင်ပြဖို့အတွက်က မတိုင်ပင်ရသေးဘူး။ ကြားတာကတော့ ကောင်းတယ် နေကောင်းတယ်ပြောတာပဲ။ တွေ့လို့မှမရတာလေ သူတို့ပြောတဲ့ဟာပဲ သိရတာပေါ့။”

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေအဖွဲ့ဟာ ကာယကံရှင်ရဲ့သဘောထားကိုမသိရဘဲ အမှုကို ဆက်ရင်ဆိုင်နေရတာဖြစ်ပြီး ဥပဒေကြောင်းအရ အမှုစတင်ကတည်းက ရှေ့နေကိုယ်စားလှယ်လွှဲစာ လုပ်ပိုင်ခွင့်တွေအရ ဆက်ပြီး အမှုလိုက်ခွင့်ရှိနေတာ ဖြစ်ပါတယ်။

အမှုနဲ့ပတ်သက်ပြီး ကာယကံရှင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားကိုသိရဖို့ လူချင်းတွေ့ဆုံဆွေးနွေးခွင့်ပေးဖို့ တရားရုံးကို အကြိမ်ကြိမ်တောင်းဆိုခဲ့ပေမယ့် စစ်ကောင်စီ တရားရုံးက လစ်လျူရှုထားခဲ့တာပါ။

ထောင်ဒဏ် ၂၇ နှစ်ချမှတ်ခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၂၂ ဒီဇင်ဘာလမှာ ရှေ့နေအဖွဲ့နဲ့နောက်ဆုံးတွေ့ဆုံခဲ့တာဖြစ်ပြီး အချိန် ၂ နှစ်နဲ့ ၄ လနီးပါး ပြင်ပနဲ့ အဆက်အသွယ်ဖြတ်ခံထားရပါတယ်။

နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ (FPPS) ဦးထွန်းကြည်က “ဒေါ်အောင်ဆန်းစုကြည် မိသားစုတွေနဲ့ အမြန်ဆုံးတွေ့ဖို့ ရှေ့နေတွေနဲ့ အမြန်ဆုံးတွေ့ဖို့၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအခြေအနေကို အမြန်ဆုံးပေါ့ဗျာ သတင်းလေးထုတ်ပြန်တာကိုတော့ ကျနော်တို့ လက်မခံဘူး၊ ဒေါ်အောင်ဆန်းစုကြည်ကို လူမြင်ကွင်းပေ့ါ၊ Public ရဲ့ အရှေ့မှာ ဒေါ်အောင်ဆန်းစုကြည်က ကျန်းမာရေးကောင်းနေပါတယ်ဆိုတဲ့ ပုံစံမျိုးကို လက်တွေ့အဖြေတခု ထုတ်ပေးဖို့ အချိန်တန်ပြီလို့တော့ မှတ်ချက်ပြုချင်တယ်ဗျ”လို့ ပြောပါတယ်။

ကမာရွတ်ခရိုင်တရားရုံးက ၂၀၂၄ မတ်လ ၂၀ ရက်နေ့မှာ ခြံအမှတ် ၅၄ ကို ကြမ်းခင်းဈေး ငွေကျပ်သိန်းပေါင်း ၃,၁၅၀,၀၀၀ နဲ့ပထမအကြိမ်လေလံတင်ခဲ့ပြီး ၂၀၂၄ ဩဂုတ် ၁၅ ရက်မှာ ကြမ်းခင်းဈေး ငွေကျပ်သိန်းပေါင်း ၃ သန်းအတိနဲ့ ဒုတိယအကြိမ်လေလံတင်ခဲ့တာပါ။

၂၀၂၅ ဖေဖော်ဝါရီ ၅ ရက်မှာ ခြံအမှတ် ၅၄ ကို ငွေကျပ် သိန်းပေါင်း ၂ ဒသမ ၉၇ သန်းနဲ့ တတိယအကြိမ်လေလံတင်ခဲ့ပြီး အခု ဧပြီ ၂၉ ရက်မှာ စတုတ္ထအကြိမ် လေလံထပ်တင်ခဲ့တာဖြစ်ပါတယ်။ 

သုတချမ်းသာ

လေလံပွဲ
ခြံအမှတ် ၅၄

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013